အံ့သြနေတဲ့ စမစ်ရို့စ်၊ အာတီတာ အကြိုက် ကွင်းလယ် ပစ်မှတ်၊ အူဘာကို အားပေးကြခြင်းနဲ့ အာဆင်နယ် သတင်းများ

အာဆင်နယ် နည်းပြအာတီတာက အဆင့်လေး ဝင်ခွင့်နဲ့ ပတ်သက်ပြီး ပြောဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ ပြိုင်ပွဲကပြီးဆုံးဖို့ အဝေးကြီး လိုနေသေးကြောင်း၊ ဘရန်ဖို့ဒ်နဲ့ပွဲမှာ အနိုင်ရခဲ့လို့ အနည်းငယ် နီးစပ်လာခဲ့ကြောင်း၊ လာမဲ့ပွဲစဉ်တွေအတွက် အကောင်းဆုံး ပြင်ဆင်သွားမှာဖြစ်ကြောင်း အာတီတာက ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရို့စ်ဟာ လက်ရှိအခြေအနေဟာ သူ့အတွက်တော့ အံအားသင့်ဖွယ် ကောင်းကြောင်း၊ သူနဲ့ ဆာကာတို့ဟာ လူငယ်အကယ်ဒမီကနေ အတူလာခဲ့ပြီး ဂိုးသွင်းပြီး ပရိသတ်တွေက သူတို့ရဲ့ နာမည်ကို အော်ဟစ် အားပေးသံကြားရတာ ခမ်းနားလွန်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကစားသမားတွေဟာ ဘာစီလိုနာအတွက် ဟက်ထရစ်သွင်းယူခဲ့တဲ့ သူတို့ရဲ့အသင်းဖော်ဟောင်း အူဘာမီယန်ကို လူမှုကွန်ယက်မှာ ဝိုင်းပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်။

အာဆင်နယ်အနေနဲ့ ပီအက်စ်ဗွီကြယ်ပွင့် ဂတ်ပိုကို ခေါ်ယူဖို့ အလိုရှိနေကြောင်း ဂျာနယ်လစ် ဂျာလယ်တီက ဖော်ပြ ထားပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်ကစားသမားကို ဒေါ့မွန်၊ဘိုင်ယန်တို့ကလည်း ပစ်မှတ်ထားနေပြီး သူဟာ ဒီရာသီမှာ ခြေစွမ်းပြ ကစားနေတာ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာဟာ နာပိုလီ ကွင်းလယ်လူ ဖာဘီယန်ရုဇ် ကိုသဘောကျနေပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေပါတယ်။ နာပိုလီကတော့ ၂၅ နှစ်အရွယ်ကစားသမားအတွက် ပေါင် ၁၆ သန်း အလိုရှိနေပါတယ်။

အာဆင်နယ်အသင်းမှာ လေ့ကျင့်ရေး လာဆင်းနေတဲ့ ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယား အနေနဲ့ နောက်ဆုံးမှာတော့ အသင်းသစ် ကို ရှာဖွေ တွေ့ရှိခဲ့ပါပြီ။ ဝီလ်ရှိုင်းယားအနေနဲ့ ဒိန်းမတ်ကလပ် အေအက်ဖ်ဂျီ အသင်းကိုရာသီကုန်အထိ ကာလတိုပြောင်းရွှေ့ခဲ့ပြီး သက်တမ်းတိုးခွင့် စာချုပ် ထည့်သွင်းချုပ်ဆိုထားပါတယ်။

ဆာကာ၊ စမစ်ရို့စ်တို့နဲ့ တစ်တန်းတည်း ဖြစ်ခဲ့ဖူးတဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်း မူဆတ်က သူ့အနေနဲ့ အာဆင်နယ် ကနေ ထွက်ခွာခဲ့တဲ့ အပေါ် နောင်တမရမိကြောင်း၊ အဲဒီအချိန်မှာ ဗလန်စီယာရဲ့ အစီအစဉ်တွေက မိမိအတွက် ကောင်းမွန်ခဲ့ပြီး များစွာ ထောက်ပံ့ပေးခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ၁၉ နှစ်အရွယ် မူဆတ်ဟာ ၂၀၁၉ ခုနှစ်မှာ အာဆင်နယ် ကနေ ဗလန်စီယာကို ပြောင်းရွှေ့သွားခဲ့တာပါ။