မန်ယူ၊ အာဆင်နယ်တို့ကို ကျော်ပြီး စပါး က အဆင့် ၄ နေရာ ယူမယ်လို့ အိုဝင် ဟောကိန်းထုတ်

ပရီးမီးယားလိဂ် ရဲ့ ထိပ်ဆုံးနေရာကို မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးတို့ အပြိုင်ကြိုးစားနေကြသလို ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အဆင့် ၄ နေရာ ရဖို့ အာဆင်နယ်၊ ဝက်ဟမ်း၊ စပါး၊ ယူနိုက်တက်တို့ အပြိုင်ဖြစ်နေတာပါ။ ဝုဗ်အသင်း ကလည်း အဆင့် ၄ နေရာကို စိန်ခေါ်နိုင်ဖွယ်ရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ကတော့ စပါးက ပြိုင်ဘက်တွေကို ကျော်တက်ကာ အဆင့် ၄ နေရာ ယူနိုင်မယ်လို့ မြင်ပါတယ်။

အိုဝင်က “စပါးအနေနဲ့ သူတို့ရဲ့ အဓိက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်ရင် အဆင့်လေးအတွင်း ဝင်လိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ ဟယ်ရီကိန်းက အရင်တုန်းက ကိန်းလိုမျိုး ခြေစွမ်းတွေ ပြန်ရလာပြီ။ ဆွန်ကို ကြံ့ခိုင်မှုပြည့်ဝအောင် ဆက်ထိန်းသိမ်းနိုင်ရင် ကွန်တီက စပါးရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့်ပုံပါပဲ။

ဒါက ခေါင်းပန်းလှန်သလိုပဲ။ အဆင့်လေး နေရာအတွက် ပြိုင်ဆိုင်မှုက ပြင်းထန်လိမ့်မယ်။ ကျွန်တော်တို့အတွက် ဖျော်ဖြေမှုပေးနိုင်မှပါ။ ဖလားပြိုင်ဆိုင်မှုကလည်း ရာသီကုန် မတိုင်ခင်အထိ အကြိတ်အနယ်ဖြစ်နေဖို့ မျှော်လင့်ကြတာပေါ့။

ဒီလေးသင်းက အဆင့် ၄ ကနေ ၇ အတွင်းဝင်မယ်ဆိုတာ မငြင်းနိုင်ပေမယ့် စပါးကတော့ အဆင့် ၄ ရလိမ့်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

စပါးဟာ ရလဒ်တွေဆိုးရွားနေပေမယ့် ဒီအပတ်မှာ မန်စီးတီးကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ပြီး ၂-၃ ဖြင့် အနိုင်ရခဲ့တယ်။ ဒီနိုင်ပွဲက သူတို့ကို စိတ်ဓါတ်ပိုင်း တက်သွားစေခဲ့သလို အဆင့် ၄ နေရာအတွက် ပြိုင်ဆိုင်မှုကို ပိုမို အားကောင်း လာစေမယ်လို့ ယူဆလာကြတာ ဖြစ်ပါတယ်။