မန်ယူပဲ အဆင့် ၄ နေရာကို ယူသွားမယ်လို့ ယုံကြည်နေတဲ့ ရွိုင်ကိန်းရဲ့ သုံးသပ်မှု
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းကတော့ မနေ့ညက လိဒ်စ်နဲ့ ပွဲ အပြီးမှာ မန်ယူအသင်း ပဲ ရာသီကုန်ထိ အဆင့် ၄ နေရာ ဆက် ထိန်းနိုင်သွားမယ်လို့ ယုံကြည်ကြောင်း သုံးသပ်လိုက်ပါတယ်။
” ကျနော်ကတော့ ယူနိုက်တက်က အဆင့် ၄ နေရာ အတွက် သာသာယာယာပဲ လို့ ထင်တယ်။ တကယ် အဲဒီလို ထင်တာပါ။ ကစားသမားတွေက ထွက်ခွာချင်တယ်၊ ပေါ့ဘာ လင်ဂတ်တို့လို စာချုပ်ကိစ္စ ရှင်းရမှာတွေနဲ့ ယူနိုက်တက်မှာ ဆူဆူညံညံ ကိစ္စလေးတွေက ရှိတယ်။
ဒါပေမယ့် နောက်ထပ် လ အနည်းငယ်ပဲ အာရုံစိုက်လိုက်။ လာမယ့် ကာလတွေက မန်ချက်စတာ ယူနိုက်တက် အတွက် တကယ့် ကာလတွေပဲ။ အာရုံစိုက် ကြိုးစားပြီး ၄ နေရာကို ယူ။
သူတို့မှာ ဥရောပ ပွဲကြီးတွေကလည်း လာဦးမယ်။ နွေမှာ ဘာတွေ လုပ်ရမလဲ ဆိုပြီး မန်နေဂျာ က ပူပင်တာ ရှိချင် ရှိမယ်။ ဒါပေမယ့် သူတို့ ခေါင်းထဲ သေချာထည့်ပြီး အာရုံစိုက်ရမှာက ဒီရာသီ ကိစ္စတွေပဲ။ ဒါဆို အဆင်ပြေနိုင်ပါတယ်။ ” လို့ ရွိုင်ကိန်းက ပြောဆိုခဲ့တာပါ။

ရွိုင်ကိန်း အဆိုကို ဂျင်မီ ရက်နက်ကလည်း ထောက်ခံခဲ့ပြီး အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲ ရလဒ်ကောင်းခဲ့ပေမယ့် အဆင့် ၄ အတွင်း မဝင်နိုင်ဘူးလို့ ထင်ကြောင်း သုံးသပ် ပြောဆိုခဲ့ပြီး ရွိုင်ကိန်း ပြောသလို ယူနိုက်တက်ပဲ အဆင့် ၄ ရသွားနိုင်တယ် လို့ ဆိုခဲ့ပါတယ်။
ဒီသီတင်းပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အဆင့် ၄ တစ်နေရာ အတွက် အပြိုင် ကြိုးစားနေကြတဲ့ စပါး၊ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က နိုင်ပွဲ ကိုယ်စီ ရသွားပြီး ဝက်စ်ဟမ်းကတော့ နယူးကာဆယ်နဲ့ သရေကျသွားခဲ့ပါတယ်။
လိဒ်စ် ကို နိုင်ပြီးတဲ့နောက် မန်ယူအသင်းဟာ အဆင့် ၄ နေရာမှာ ဆက်ရှိနေသေးပြီး အဆင့် ၅နဲ့ ၆ နေရာမှာ ရှိနေတေဲ့ ဝက်စ်ဟမ်း၊ အာဆင်နယ်တို့ထက် ၂ မှတ် အသာ ရထားပါသေးတယ်။ ၃ပွဲလျော့ ကန်ထားတဲ့ စပါးကတော့ ယူနိုက်တက်နဲ့ ၇ မှတ် အကွာ အဆင့် ၈ မှာ ရှိနေတာပါ။
အာဆင်နယ်နဲ့ စပါးတို့က ၂၃ ပွဲစီသာ ကစားထားရသေးတာကြောင့် ပွဲကျန် ၃ ပွဲ ရှိနေပြီး မန်ယူ ရဲ့ အဆင့် ၄ နေရာကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါတယ်။