အေတီကိုနဲ့ မန်ယူ၊ ချဲလ်ဆီးနဲ့ လိုင်လီတို့ ချန်ပီယံလိဂ်ပွဲတွေအတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်း
ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ မိုက်ကယ်အိုဝင်က ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချဲလ်ဆီးနဲ့ လိုင်လီ ၊ မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် အက်သလက်တီကို မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်တွေကို ခန့်မှန်း သုံးသပ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ လိုင်လီ (အင်္ဂါနေ့ည ၂နာရီခွဲ)
ဒီတပတ်မှာ ကြည့်ရမှာကတော့ ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် ချဲလ်ဆီးရဲ့ ပထမဦးဆုံး ရှုံးထွက်ပွဲပါ။ လိုင်လီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အမှတ်ပေး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တယ် ဆိုပေမယ့် ဒီရာသီမှာတော့ အတော်လေး ရုန်းကန်နေ ရပါတယ်။
သူတို့က လီဂူးဝမ်းပြိုင်ပွဲရဲ့ အဆင့်၁၁နေရာ အထိ ရောက်နေပြီး ဒါက လိုင်လီအတွက် အတော်လေး စိတ်ပျက်စရာ ကောင်းတဲ့ ရလဒ်တခုပါ။ သူတို့က အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တယ် ဆိုပေမယ့် ဒီအဆင့်က သူတို့တွေ နောက်ဆုံး တက်လှမ်းနိုင်မယ့် နေရာတခုလို့ပဲ ထင်ပါတယ်။ ဒါကြောင့် ဒီပွဲရဲ့ အနိုင်က ချဲလ်ဆီးလက်ထဲမှာပါ။
ခန့်မှန်းရလဒ် – ချဲလ်ဆီး ၂-၀ လိုင်လီ

အက်သလက်တီကိုနဲ့ မန်ချက်စတာ ယူနိုက်တက် (ဗုဒ္ဓဟူးနေ့ည ၂နာရီခွဲ)
ဒီပွဲက အတော်လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ အက်သလက်တီကို မက်ဒရစ်က ဒီရာသီမှာ ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး စွမ်းဆောင်ရည်ကလည်း ကျဆင်းနေပါတယ်။ အထူးသဖြင့် ဆီမြွန်နီရဲ့ အသင်းက မထင်ထား ရလောက်အောင် ခံစစ်ပိုင်း ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်က ဆီမြွန်နီရဲ့ အသင်းကို ပြိုင်ပွဲကြီး တွေမှာ လျှော့မတွက်စေချင်ဘူး။ အိမ်ကွင်းမှာ ကစားရမယ့် ပွဲအတွက် သူတို့တွေ အကောင်းဆုံး ပြင်ဆင်ထားမယ်လို့ ထင်ပါတယ်။

ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ လိဒ်ကို အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ ခံစစ်ပိုင်းက ပြဿနာ ရှိနေတုန်းပါပဲ။ ဒီလိုမျိုး ပြင်းထန်မယ့် ပွဲမျိုးမှာ ယူနိုက်တက် ကစားသမားတွေရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက လုံလောက်ပါ့မလားလို့ ကျွန်တော် တွေးနေမိပါတယ်။
ဒါကြောင့် ဒီနေ့ပွဲမှာ အက်သလက်တီကို မက်ဒရစ်က အသာစီး ရသွားမယ်လို့ ထင်ပါတယ်။ တကယ်လို့ ဒီပွဲမှာ ဆွာရက်ဇ် တယောက် ဂိုးရခဲ့ရင်လည်း အံ့အားသင့်မိမှာ မဟုတ်ပါဘူး။ ဒီနှစ်သင်းကြားမှာ ကွာခြားချက်တွေတော့ အများကြီး မရှိလောက်ဘူး။ ဒါပေမယ့် အက်သလက်တီကိုက မန်ချက်စတာ ယူနိုက်တက်ကို ကပ်နိုင်သွားပါလိမ့်မယ်။
ခန့်မှန်းရလဒ် – အက်သလက်တီကို ၂-၁ မန်ချက်စတာ ယူနိုက်တက်