ချဲလ်ဆီးအနိုင်၊ ဂျူဗီသရေ ချန်ပီယံလိဂ်ပွဲများ၊ မနာလို မဖြစ်တဲ့ မက်ဆီနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ယနေ့မနက် အစောပိုင်းက ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်းက ဟာဗက်ဇ်၊ ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ လိုင်လီအသင်းကို ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် ဂျူဗင်တပ် အသင်းကတော့ အဝေးကွင်းမှာ ဗီလာရီးရဲလ်ကို ၁-၁ သရေ ကျသွားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ဗလာဟိုဗစ်ကတော့ အသင်းသစ်အတွက် ချန်ပီယံလိဂ် သွင်းဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ ရလဒ်အပေါ် ကျေနပ်အားရခြင်း မရှိကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ဘောလုံးဝေဖန်သူ အဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီလိုင်နီကာက လိုင်လီနဲ့ပွဲက ချဲလ်ဆီး ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဆေးလ်ဗားဟာ အလွန် အံ့အားသင့်ဖွယ်ကောင်းတဲ့ နောက်ခံလူ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကတော့ မန်စီးတီးအသင်းရဲ့ လက်ရှိရာသီ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ကို လိုက်လံနှောက်ယှက်နေဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီက မိမိအနေနဲ့ ချန်ပီယံလိဂ်မှာ အစဉ်အလာကြီးမားတဲ့ အင်အားကြီးအသင်းတွေကို မနာလို မဖြစ်မိကြောင်း၊ ပီအက်စ်ဂျီဟာလည်း တိုးတက်လျက်ရှိနေပြီးကမ္ဘာ့ထိပ်တန်းအသင်းကြီးတွေထဲက တစ်သင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

The Atheltic က လာမဲ့ရာသီ မန်ချက်စတာယူနိုက်တက်မှာ ဘယ်သူ အသင်းခေါင်းဆောင် ဖြစ်သင့်သလဲဆိုတာ စစ်တမ်း ကောက်ယူခဲ့ရာမှာတော့ ပရိသတ်တွေက ဖာနန်ဒက်စ်ကို မဲအများဆုံးပေးခဲ့ပါတယ်။ အဲဒီနောက်ဒီဂီယာက ဒုတိယနေရာမှာ ရှိနေပြီး လက်ရှိမှာ အသင်းခေါင်းဆောင် လက်ပတ် လုနေကြလို့ သတင်းထွက်နေတဲ့ စီရော်နယ်ဒိုနဲ့ မက်ဂွဲရားတို့က မဲရ နည်းနေခဲ့ပါတယ်။

မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ မသက်မသာခံစားနေခဲ့ရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းတစ်ယောက် လာမယ့် ဘန်လေနဲ့ ပွဲမှာ ဆက်လက် ပါဝင်လာနိုင်ဦးမှာ ဖြစ်ကြောင်း စပါးနည်းပြ ကွန်တီက အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

ကွင်းလယ်ဒိုင်ကို ဆဲဆိုခဲ့တဲ့ ပီအက်စ်ဂျီအသင်း ကွင်းလယ်ကစားသမား ဗာရက်တီတစ်ယောက် ကာလရှည် ပွဲပယ်ခံရနိုင်ကြောင်း သတင်းများအရ သိရပါတယ်။

ရုရှား- ယူကရိန်းကြား နိုင်ငံရေးတင်းမာမှုတွေကြောင့် ယူအီးအက်ဖ်အေ အနေနဲ့ ဒီနှစ်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရုရှားနိုင်ငံ၊ စိန့်ပီတာဘတ်ချ်ကွင်းမှာ မကျင်းပဖို့ ဖိအားပေးခြင်း ခံနေရပါတယ်။ ယူကေ ဝန်ကြီးချုပ်ကလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရုရှား ကျင်းပနိုင်စရာ မရှိကြောင်း ပြတ်သားစွာ ပြောဆိုထားခဲ့ပါတယ်။

အေဂျက်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်ကစားသမား အန်တိုနီကတော့ ပရီးမီးယားလိဂ် ဒါမှမဟုတ် လာလီဂါကို ပြောင်းရွှေ့ ကစားချင်နေတယ်ဆိုပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်း တိုက်စစ်မှုးဟောင်း ဂျိုလ်ကိုးကတော့ လူကာကူ အနေနဲ့ အင်တာမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကို မေ့ဖျောက်ပစ်ပြီး လက်ရှိ အသင်းအတွက်သာ အာရုံစိုက်ကြိုးစားသွားသင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။