အာဆင်နယ်ရဲ့ ပေါင် ၃သိန်းခွဲ လစာကို စွန့်ပြီး တပတ် ပေါင် ၈သောင်းနဲ့ ဘာကာကို ရွေးခဲ့တဲ့ အူဘာ

အူဘာမီယန်းက အာဆင်နယ်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ခွင့်ရဖို့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀တန် လစာကို စွန့်လွှတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အူဘာမီယန်းက ဘာစီလိုနာ မှာ လုပ်ခ တစ်ပတ် ပေါင် ၈သောင်း ဝန်းကျင်သာ ရတော့တာပါ။

ဂါဘွန်သားဟာ ဒီဇင်ဘာလက ခွင့်ရက်ယူကာ နောက်ကျမှ ပြန်လာခဲ့ပြီးနောက် နည်းပြ အာတီတာရဲ့ အပြစ်ပေးမှုအဖြစ် အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှားခံရသလို အသင်းကနေပါ ဖယ်ထုတ်ခြင်းခံခဲ့ရပါတယ်။

၁လအကြာမှာတော့ အူဘာတစ်ယောက် အာဆင်နယ်နဲ့ ၂ဦးသဘောတူ စာချုပ်ဖျက်သိမ်းကာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘာကာကို ပြောင်းလာခဲ့ပါတယ်။

Mudo Deportivo နဲ့ အင်တာဗျူးမှာ အူဘာမီယန်းက ဘာစီလိုနာကို ပြောင်းခွင့်ရခဲ့တာဟာ အိပ်မက်တစ်ခု ဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်လာမယ်ဆိုတာ ၁ပတ်လောက် ကြိုသိနေခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အူဘာမီယန်းက “ကျွန်တော့်အဖေက ရှေ့နေနဲ့ အကောင်းဆုံး လုပ်နိုင်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁ပတ် အကြိုလောက် ကျွန်တော် ဘာကာကိုပဲ ပြောင်းရမယ်ဆိုတာ ကြိုသိခဲ့ပါတယ်။ ၁ပတ်လောက် အကြိုကတည်းက ဆက်သွယ်မှုတွေ ရှိခဲ့ပြီး ကျွန်တော် ပြောင်းရမယ်ဆိုတာ သိခဲ့ပါတယ်”

“ကျွန်တော် ဘာကာကို တကယ်သွားချင်ခဲ့တာပါ။ ဒါမျိုးအခွင့်အရေးက တစ်သက်မှာ တစ်ခါလောက်ပဲ ရနိုင်တာကြောင့် ကျွန်တော် လစာကို စွန့်လွှတ်လိုက်ပါတယ်။ နူးကမ့်က အားပေးမှုက တကယ်ကို ကြီးကျယ်ပါတယ်”

“ဒီလိုကွင်းမျိုးမှာ ကစားပြီး ဒီလို အားပေးမှုမျိုး ရတာက တကယ့်အိပ်မက်တစ်ခုပါ။ ကျွန်တော် တကယ် ကျေနပ် ဝမ်းသာနေပါတယ်။ တကယ်တမ်းမှာလည်း အားပေးမှုက တကယ်ကြီးကျယ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အူဘာမီယန်းက ဘာစီလိုနာကို မပြောင်းခင် အာဆင်နယ်ဂန္တဝင် အွန်နရီ၊ ဘယ်လာရင်နဲ့ ဒမ်ဘီလီတို့ထံ ကတ္တလန် ကလပ်အကြောင်း မေးမြန်းခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အူဘာမီယန်း ဟာ သူ့ရဲ့ အိပ်မက်လို့ပြောတဲ့ ဘာကာ ကစားသမားဘဝကိုတော့ အကောင်းဆုံး စတင်နိုင်ခဲ့ပြီး ဗလန်စီယာနဲ့ လာလီဂါပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။