ဟာဇက်ကို အငှားခေါ်ဖို့ ကြိုးစားနေခြင်း၊ တူချယ် ချျီးကျူးခဲ့တဲ့ ကန်တီ၊ ပွဲပန်းတဲ့ လူကာကူနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးနည်းပြတူချယ်က လိုင်လီနဲ့ပွဲမှာ တိုက်စစ်မှူး လူကာကူကို အသုံးမပြုခဲ့ခြင်းနဲ့ ပတ်သက်ပြီး လူကာကူဟာ ပင်ပန်းနေပုံ ရကြောင်း၊ သူဟာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာလည်း အချိန်ပိုအထိ ကစားခဲ့ရကြောင်း ဆိုခဲ့ပါတယ္။
လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့အတွက် ချဲလ်ဆီးက ရေပန်းစားလျက်ရှိနေကြောင်း သိရပါတယ်။ တကယ်လို့ ရာသီကုန်မှာ လိဒ်စ်သာ တန်းဆင်းသွားခဲ့ရင် ရာဖင်ဟာကိုယူရို ၂၅ သန်းနဲ့သာ ခေါ်ယူနိုင်မှာဖြစ်ပြီး အဆိုပါ ဘရာဇီးလက်ရွေးစင်ကို ရရှိဖို့ ချဲလ်ဆီးက အစွမ်းကုန်ကြိုးပမ်းနေတာပါ။
ချဲလ်ဆီးနည်းပြတူချယ်ကတော့ လိုင်လီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှ ကွင်းလယ်လူ ကန်တီကို ချီးကျူးခဲ့ပြီး ကန်တီရဲ့ စွမ်းဆောင်ရည် အပေါ် အလွန်ကျေနပ်မိကြောင်း၊ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ကန်တီဟာ ယုံကြည်မှုပိုင်း အနည်းငယ် ပျောက်ဆုံး ခဲ့ပြီး ရုန်းကန်ခဲ့ရကြောင်း၊ လိုင်လီနဲ့ပွဲမှာ ကန်တီဟာ သက်ရောက်မှုကြီးမားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်ကစားသမား ပူလီဆစ်အနေနဲ့ ဟာဇက်လို အဆင့်အတန်းမျိုးရောက်ဖို့ အတွက်ခံစစ်ပိတ် ကစားတဲ့ အသင်းတွေနဲ့ တွေ့ဆုံရာမှာ ခြေစွမ်းပိုင်းတိုးတက်ဖို့လိုအပ်နေကြောင်း၊ ပူလီဆစ်ထံမှာ ဟာဇက်လို ရွေ့လျားမှုမျိုး တွေ့မြင်ရခြင်း မရှိသေးကြောင်း အွန်နရီက သုံးသပ်ခဲ့ပါတယ်။
အာဆင်နယ် ကစားသမာဟောင်း မိုက်ကယ်သောမတ်က ဒီရာသီပြီးနောက် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာအနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်နေတော့မယ် မထင်ကြောင်း၊ တကယ်လို့ ပေါ့ဂ်ဘာအနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်နေရင် ပြောင်းရွှေ့စရာဆိုလို့ ချဲလ်ဆီး တစ်သင်းတည်းသာ ရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးဟာ သူတို့ရဲ့ ကစားသမားဟောင်း ဟာဇက်ကို ခေါ်ယူနိုင်ရေး လက်မလျှော့သေးကြောင်း သိရပါတယ်။ ချဲလ်ဆီး အနေနဲ့ ဟာဇက်ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့အတွက် ညှိနှိုင်းမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဝုဗ် နောက်ခံလူ မက်ဇ်ကယ်မန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိနေပါတယ်။ ၂၄ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ဝုဗ်ရဲ့ အဓိက ကစားသမားအဖြစ် ကစားလျက်ရှိနေပြီးချဲလ်ဆီးအနေနဲ့ လာမဲ့နွေရာသီမှာ နောက်တန်းကို အဓိကထား အားဖြည့်သွားမှာပါ။
ချဲလ်ဆီးဂိုးသမားမန်ဒီက သူ့အနေနဲ့ အသင်းဖော်ဂိုးသမား ကီပါနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း၊ မိမိအနေနဲ့ အာဖရိက ဖလား သွားနေစဉ်မှာ ကီပါဟာ လက်စွမ်းကောင်းပြသနေကြောင်း၊ ချဲလ်ဆီးလိုအသင်းမျိုးမှာ ကစားရင် နေရာစုံမှာ နေရာလု တိုက်ပွဲက ပြင်းထန်မှာဖြစ်ကြောင်း၊ ဒါကြောင့် အကောင်းဆုံးစွမ်းဆောင်ရည်ကို ပေးဆပ်ရမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။