သရေပွဲနဲ့ စိတ်ပျက်နေတဲ့ ဒိုလေး၊ လီဗာပူးရဲ့ ၆ဂိုးပြတ် အနိုင်၊ စွဲလမ်းနေတဲ့ ပက်နဲ့ နံနက်ခင်းသတင်းများ

ညက ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ စပါးက ဘန်လေကို အရေးနိမ့်ခဲ့ပေမယ့် လီဗာပူးကတော့ လိဒ်စ် ယူနိုက်တက် ကို ၆-၀ နဲ့ အနိုင်ရသွားပါတယ်။ လီဗာပူး အတွက်ကတော့ မန်စီးတီးနဲ့ ၃ မှတ် အကွာထိ လိုက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

စပိန်မြေမှာ ချန်ပီယံလိဂ် ပကျော့ သွား ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ အက်သလက်တီကို မက်ဒရစ်နဲ့ ၁ဂိုးစီ သရေကျသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မူှး စီရော်နယ်ဒိုအနေနဲ့ အက်သလက်တီကိုကို သရေကျခဲ့တဲ့ ပွဲစဉ်မှာ အသင်းဖော်တွေရဲ့ စွမ်းရည်ကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။

စီရော်နယ်ဒို က တိုက်စစ်ဆင်ရာမှာ ဂိုး ဧရိယာအတွင်း သူတစ်ဦးတည်းသာ ရှိနေတဲ့ အနေအထားမှာ စိတ်ပျက်တဲ့ ပုံစံတုံ့ပြန်ခဲ့ပြီး ဖာဒီနန်ကလည်း စီရော်နယ်ဒိုဟာ ဂိုးဧရိယာအတွင်း တစ်ယောက်တည်းသာရှိနေကြောင်း၊ မန်ယူ အသင်းဖော်တွေ ဟာ ရော်နယ်ဒိုနဲ့ ချိတ်ဆက်မှုပိုင်း အားနည်းခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။

ပီအက်စ်ဂျီ ကစားသမားဟောင်း ရိုချီက နောက်ခံလူရာမို့စ်ရဲ့ရာသီဟာ ပြီးဆုံးသွားခဲ့ဖြစ်ကြောင်း၊ ရာမို့စ်အနေနဲ့ အရေးပါတဲ့ ပွဲစဉ် တစ်ပွဲမှာ ပါဝင်မကစားနိုင်ခဲ့တာက ဝမ်းနည်းစရာကောင်းလွန်းကြောင်း၊ ပီအက်စ်ဂျီအနေနဲ့ ရာမို့စ်ကို ခေါ်ယူလိုက်တာ ကျရှုံးတဲ့ လောင်းကစားမှု ဖြစ်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူနဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ အက်သလက်တိုက်စစ်မူှး ဖီလစ်က သူတို့ဟာ ဘောလုံး ပိုင်ဆိုင်မှု မသာခဲ့ပေမဲ့ ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထင်မြင်မိကြောင်း၊ မန်ယူဟာ အခွင့်အရေး ဖန်တီးမှုပိုင်း အားနည်းခဲ့ပေမဲ့ တစ်ကြိမ်ရ တစ်ဂိုး ဂိုးခဲ့ကြောင်း၊ မိမိတို့အနေနဲ့ ယုံကြည်ချက်အပြည့်ရှိပြီး နောက်တစ်ဆင့်ကို တက်ရောက်ချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီကတော့ ချဲလ်ဆီးအနေနဲ့ ကြေးကြီးပေးခေါ်ထားတဲ့ တိုက်စစ်မှူး လူကာကူ အတွက် အဖြေ ရှာရတော့မှာဖြစ်ကြောင်း၊ ချဲလ်ဆီးအနေနဲ့ လူကာကူကို ခေါ်ထားပြီးမှ သူနဲ့လိုက်ဖက်တဲ့ ပုံစံကို ပြောင်းလဲရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်အယ်ဒရစ်က မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ လီဗာပူးနဲ့ပတ်သက်ပြီး စွဲလမ်းစိတ် ဖြစ်ပေါ်နေကြောင်း၊ ကလော့ဟာ မန်စီးတီးအကြောင်း သိပ်မပြောပေမဲ့ ဂွါဒီယိုလာကတော့လီဗာပူးအကြောင်းကို မပြောဘဲ မနေနိုင်ကြောင်း၊ ဘာပဲပြောပြော ဂွါဒီယိုလာဟာ အံ့အားသင့်ဖွယ် နည်းပြဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် အနေနဲ့ နည်းပြအာတီတာကို ၂၀၂၃ ခုနှစ်အထိ စာချုပ် သက်တမ်း တိုးမြှင့်နိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ အာတီတာကို တစ်ရာသီလုပ်ခ ယူရို ၉.၉သန်း ပေးချေသွားမှာဖြစ်ပြီး ဒါဟာ ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါး နောက်ဆုံးရာသီက ရရှိခဲ့တဲ့ လုပ်ခပမာဏနဲ့ တူညီနေပါတယ်။