မန်ယူကို ကယ်တင်လိုက်တာနဲ့ အီလန်ဂါကို ကြည့် အတူယူကြလို့ ထုတ်ပြောလာတဲ့ နည်းပြ ရန်းနစ်

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ ရက်ဖ် ရန်းနစ် ကတော့ ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ကစားသမား အီလန်ဂါကို ပွဲအပြီးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ် အဖြစ် လာလီဂါ ချန်ပီယံ အက်သလက်တီကို မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ရာ ၁-၁ ဆိုတဲ့ ရလဒ်နဲ့ ပွဲ ပြီးဆုံး ခဲ့တာကြောင့် ဘယ်အသင်းက နောက်တဆင့်ဆီ တက်လှမ်းနိုင်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဒုတိယအကျော့ အဖြစ် ယှဉ်ပြိုင် ကစားရမယ့် အင်္ဂလန်မြေမှာ အဖြေရှာရဖို့ ရှိပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ မန်ယူ နည်းပြ ရန်းနစ်က အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ အီလန်ဂါကို ချီးကျူးသွားခဲ့ပါတယ်။

အီလန်ဂါက ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ အသင်းအတွက် စိတ်ရော ကိုယ်ပါ နှစ်မြှုပ်ကာ ကစားလေ့ ရှိသူ ဖြစ်ကြောင်းနဲ့ အခြား ကစားသမားတွေ အနေနဲ့ အီလန်ဂါကို ပမာပြုကာ အသင်းအတွက် ပေးဆပ် ကစားဖို့ လိုအပ်ကြောင်း ရန်းနစ်က ပြောကြားသွားခဲ့ပါတယ်။

ရန်းနစ်က – “အီလန်ဂါက သူ့ရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာပြီ ဆိုတဲ့ ခံယူချက်မျိုးနဲ့ ကစားနေတာပါ။ သူ့ရဲ့ ကစားပုံကို ကြည့်ရတာ အတော်လေးကို ကျေနပ်ဖို့ ကောင်းပါတယ်။ ကျွန်တော်က တခြား ကစားသမား အနည်းစုကိုလည်း သူ့ရဲ့ ကစားပုံကို ကြည့်ပြီး သူ့လိုမျိုး ကြိုးစားစေချင်ပါတယ်။

ဒါဟာ သူ လုပ်လိုက်တဲ့ အရာတိုင်း ၊ ဆုံးဖြတ်ချက်တိုင်းက မှန်ကန်မှု ရှိတယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး ဒါပေမယ့် သူက မြက်ခင်းပေါ်မှာ သူကိုယ်တိုင် စိတ်ကျေနပ်မှု အပြည့်ရအောင် ကြိုးစား ကစားတယ်။ ဒါက ဘောလုံးပွဲ တပွဲမှာ အရေးကြီးတဲ့ အရာတခု ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။

ဘောလုံးပွဲ ဆိုတာ ပြိုင်ဆိုင်မှု ပြင်းထန်သလို ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ ကစားပုံ ၊ ကိုယ်ကစားနေတဲ့ ဟန်ပန်ကို သဘောကျ နှစ်သက်ဖို့ လိုအပ်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ခံယူချက်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။