လာကာရဲ့ ဂိုးနဲ့ နိုင်ပွဲရ ဂန်းနားများ၊ ရှက်ဗ်ချင်ကိုရဲ့ စကားသံ၊ လူကာကူနဲ့ ဟာဗက်၊ ယနေ့ နံနက်ခင်း သတင်းများ

ယနေ့မနက် အစောပိုင်းက ကစားခဲ့ကြတဲ့ ယူရိုပါလိဂ်၃၂ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်တွေမှာ ဘာစီလိုနာ အသင်းက နာပိုလီအသင်းကို ၂-၄ နဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ပေမယ့် ဒေါ့မွန် အသင်းက ရိန်းဂျားနဲ့ ၂-၂ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၆-၄ နဲ့ ပြိုင်ပွဲမှ ထွက်ခွါခဲ့ရပါတယ်။

အခြားပွဲစဉ်တွေအရ ဆီဗီလာ၊ ပေါ်တို၊ အတ္တလန္တာ၊ RB လိုက်ပ်ဇစ်၊ ဘရာဂါ၊ ဘတ်တစ် စတဲ့ အသင်းတွေလည်း ကိုယ်စီ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပြီး Europa Conference League ဘက်အခြမ်းမှာတော့ လက်စတာ၊ မာဆေးလ်၊ ပီအက်စ်ဗွီ စတဲ့အသင်းကောင်းတွေ နောက်တစ်ဆင့်ကို တက်လှမ်းလာခဲ့ကြပါတယ်။

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဝုလ်ဗ်တို့ရဲ့ ပွဲစဉ်မှာလည်း အာဆင်နယ် အသင်းက ဝုဗ်အသင်းရဲ့ ပထမပိုင်း ဦးဆောင်သွင်းဂိုးကို မိနစ် ၈၀ ကျော် အရောက် ချေပဂိုး၊ အနိုင်ဂိုးတွေနဲ့အတူ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

တိုက်စစ်မှူး လာကာဇက်က ဝုဗ်နဲ့ပွဲမှာ ဂိုးစောစောပေးလိုက်ရတာကြောင့် အာဆင်နယ် အတွက် အလွန်ခက်ခဲခဲ့ပေမဲ့ နောက်ဆုံးအချိန်အထိ အရှုံးမပေးခဲ့ကြောင်း၊ အသင်းဟာ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားလို့ တစ်ခုခုဆိုရင် ခပ်လွယ်လွယ်နဲ့ ယုံကြည်ချက် ကျဆင်းသွားတာမျိုးဖြစ်မှာ စိုးရိမ်ခဲ့မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူအသင်းနည်းပြ ရန်းဂ်နစ်ကတော့ လက်တလော ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှုးလေး အီလန်ဂါကို အငှားစေလွှတ်ဖို့ နီးနီးစပ်စပ် စီစဉ်မှုတွေ ပြုလုပ်ခဲ့ဖူးကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ယူကရိန်းအသင်းခေါင်းဆောင်နဲ့ နည်းပြဟောင်းဖြစ်သူ ရှက်ဗ်ချင်ကိုက ရုရှားရဲ့ကျူးကျော်စစ်ကို ခံနေရတဲ့အပေါ် ကမ္ဘာကြီးအနေနဲ့ ယူကရိန်းကို ထောက်ခံအားပေးဖို့ လိုအပ်ကြောင်း၊ ရုရှားအစိုးရအနေနဲ့အကြမ်းဖက်မှုနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတာတွေကို ရပ်တန့်သင့်ကြောင်း၊ စစ်ပွဲဟာ အဖြေမဟုတ်ဘဲ သူတို့အားလုံး ငြိမ်းချမ်းမှုကို လိုလားကြောင်း ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက မန်ယူ တိုက်စစ်ကစားသမား ရက်ဖို့ဒ်အနေနဲ့ ညာခြမ်းဘက်မှာ အံ့ဝင်ခြင်း မရှိကြောင်း၊ ရက်ဖို့ဒ်အနေနဲ့ခြေစွမ်းပြဖို့ဆိုရင် အလယ်၊ ဒါမှမဟုတ် ဘယ်ဘက်မှာ ကစားဖို့လိုအပ်ကြောင်း၊ ဒီရာသီမှာ ရက်ဖို့ဒ်ရဲ့ခြေစွမ်းကျဆင်းနေပြီး ပွဲထွက် ကစားဖို့ မထိုက်တန်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ချဲလ်ဆီးပရိသတ်တွေကတော့ တိုက်စစ်မူှး လူကာကူထက်စာရင် ကိုင်ဟာဗက်ဇ်ကိုသာ အသုံးပြုပေးဖို့ အလိုရှိနေပြီး တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ လူကာကူဟာ တိုးတက်ခြင်း မရှိကြောင်း၊ လက်ကျန်ရာသီမှာ ကိုင်ဟာဗက်ဇ်ကို False 9 အဖြစ်ထားတာက ဂိုးပိုရနိုင်ပြီး နွေမှာတိုက်စစ်မှူးဝယ်သင့်ကြောင်း ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီက နာပိုလီကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ပွဲစဉ်ဟာ ဒီရာသီ သူတို့ရဲ့ အပြီးပြည့်စုံဆုံး စွမ်းဆောင်ရည်ဖြစ်ကြောင်း၊ သူတို့ဟာ အလိုရှိတဲ့ အတိုင်း ပွဲအပေါ် လွှမ်းမိုးနိုင်ခဲ့ကြောင်း၊ ကစားသမားတွေရဲ့ အားထုတ်မှု အတွက် ပျော်ရွှင်မိပြီးအသင်းဟာ ရှေ့ကို ချီတက်နေကြောင်း ဆိုခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းထံ ဗလာဟိုဗစ် ရောက်ရှိလာခဲ့တာကြောင့် အသင်းနဲ့ သက်တမ်းတိုးဖို့ ကြန့်ကြာနေတဲ့ ဒိုင်ဘားလား တစ်ယောက် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေပြီး ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ သတင်းတွေ ပိုမို ထွက်ပေါ်နေတာ တွေ့ရပါတယ်။

လက်ရှိ ဒဏ်ရာကြောင့် အနားယူနေရတဲ့ မီလန် အသင်းတိုက်စစ်မှုး မိုဗစ်ရဲ့ အနေအထားဟာ တိုးတက်မှု နှေးကွေး နေကြောင်း နည်းပြ ပီအိုလီက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။