မက်ဂွဲရားနဲ့ ယှဉ်နိုင်မယ့် ပေါင် ၂၆ သန်းတန် ခံစစ်မှုးကို ချိတ်ဆက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်ခံစစ်မှူး မန်နျူရယ်အကန်ဂျီကို ခေါ်ယူဖို့ဖြစ်နိုင် မဖြစ်နိုင် ကနဦး ဆက်သွယ် စုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မန်ယူအသင်း ဟာ နွေရာသီ အဓိကပစ်မှတ်တွေအဖြစ် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးတို့ကို ခေါ်ယူဖို့ သတ်မှတ်ထားပေမယ့် ရန်နစ် အလိုရှိတဲ့ထဲမှာ ဗဟိုခံစစ်မှူးသစ်လည်းပါဝင်ပြီး ဆွစ်ဇာလန်လက်ရွေးစင် အကန်ဂျီကို အဓိကပစ်မှတ်အဖြစ် ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ခံစစ်မှူးဖီးလ်ဂျုံးစ်ရဲ့ ဘော်ဒိုးအသင်းသို့ ပြောင်းရွှေ့ဖို့ ကြိုးစားမှုကို မန်ယူနိုက်တက်က ပယ်ချခဲ့ပေမယ့် အသင်းက ထွက်ခွာနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်သလို ပွဲကစားခွင့်နည်းပါးလွန်းတာကြောင့် အဲရစ်ဘိုင်လီကလည်း မပျော်မရွှင်ဖြစ်နေပါတယ်။
ဒါ့အပြင် မက်ဂွာရားရဲ့ ခြေစွမ်းက အားရစရာ မရှိတာကြောင့် ရန်နစ်က က်ဂွာရားနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် အတွေ့အကြုံ ရင့် ခံစစ်မှူးတစ်ဦးဖြစ်တဲ့ အကန်ဂျီကို စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ခံစစ်မှူးရဲ့ ဒေါ့မွန်နဲ့စာချုပ်သက်တမ်းကလည်း ၁၈ လသာ ကျန်တော့သလို ၂၀၁၈ တုန်းက ဒေါ့မွန်တို့ ဘေဆယ်ကနေ ပေါင် ၁၅ သန်းနဲ့ခေါ်ယူထားတဲ့ ကစားသမားရဲ့ လက်ရှိတန်ကြေးကလည်း ပေါင် ၂၆ သန်း ခန့်သာ ရှိပါတယ်။
ဂျာမန်ကလပ်ကတော့ အကန်ဂျီကို တစ်နှစ်ပေါင် ၆.၇ သန်းရရှိမယ့် စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ကစားသမားရဲ့ ကိုယ်စားလှယ်တွေကတော့ တစ်ပတ်ကို ပေါင် ၁၆၂၀၀၀ နဲ့ တစ်နှစ်ကို ပေါင် ၈.၃ သန်းရမယ့် စာချုပ်မျိုးကို ပြန်လည်တောင်းဆိုထားပါတယ်။
ဂျာမနီကလာတဲ့ သတင်းတွေအရ မန်ယူဟာ ကမ်းလှမ်းမှုတောင် ပြုလုပ်ထားပြီးပြီလို့ ဖော်ပြကြပေမယ့် အင်္ဂလန်သတင်းတွေကတော့ ကမ်းလှမ်းမှုမလုပ်ရသေးပဲ ကနဦးစုံစမ်းမှုသာ ပြုလုပ်တာဖြစ်ကြောင်း ဖော်ပြကြပါတယ်။
အကန်ဂျီဟာ ဗဟိုခံစစ်ဘယ်ခြမ်းရော၊ ညာခြမ်းမှာပါ ကစားနိုင်သူဖြစ်ပြီး ဒီရာသီဒေါ့မွန်အတွက် ၂၈ ပွဲ ပါဝင် ကစားပေးထားပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဥရော ပချန်ပီယံရှစ် ကွာတားဖိုင်နယ်အဆင့်ထိ ရောက်ခဲ့တဲ့ ဆွစ်ဇာလန် လက်ရွေးစင် အသင်းအတွက်ကိုလည်း ၃၈ ပွဲထိ ကစားခဲ့ပြီးဖြစ်ပါတယ်။