ရုရှားနဲ့ မကန်ဘူး ငြင်းတဲ့ ပိုလန်၊ ပြုတ်တော့မယ့် လိဒ်နည်းပြ၊ စိတ်ပျက်နေတဲ့ ဖာနန်ဒက်စ်နဲ့ နံနက်ခင်း သတင်းများ
ညက အဲဗာတန်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ဖိုဒန်ရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားကို ၆ မှတ် ဆက်လက်ဖြတ်ထားနိုင်ခဲ့ပါတယ်။ မန်ယူကတော့ ဝက်ဖို့ဒ်နဲ့ ဂိုးမရှိ သရေကျခဲ့ပြီး စပါးက လိဒ်စ်ကို ၄ ဂိုးပြတ် အနိုင်ရခဲ့တာပါ။
တန်းဆင်းဇုန်မှာ ရုန်းနေရတဲ့ ဝက်ဖို့ဒ်နဲ့ ဂိုးမရှိ သရေ ကျသွားတဲ့နောက် မန်ယူ နည်းပြ ရန်းနစ်ကတော့ သူ့အသင်းဟာ ဂိုးရှေ့မှာ ထိရောက်မှုနဲ့ ထက်မြက်မှု မရှိဘူးလို့ ပွဲအပြီးမှာ ဝန်ခံ စကား ဆိုသွားခဲ့ပါတယ်။
လိဒ်ကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲအတွင်း စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဆွန်ယောင်မင်တို့အတွဲအဖက်ရဲ့ ပရီးမီးယားလိဂ် ၃၇ ဂိုးမြောက်ကို မြင်တွေ့ခဲ့ရပြီး အဆိုပါ တွဲဖက်သွင်းဂိုး စံချိန်က ချဲလ်ဆီးအသင်းအတွက် ကစားပေးခဲ့ကြတဲ့ ဒရော့ဘာနဲ့ လမ်းပတ်တို့ရဲ့ တွဲဖက်သွင်းဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ပိုလန် ဘောလုံး အဖွဲ့ချုပ်က ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် ရုရှား နဲ့ ကန်ရမှာ ကို ကန်ဖို့အတွက် ငြင်းဆန်ချက် ထုတ်လိုက်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာကြောင့် ပိုလန် က ကန်ဖို့ ငြင်းဆန်ခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် အသင်းခေါင်းဆောင် လီဝန် ဒေါ့စကီး က ထောက်ခံ လိုက်ပါတယ်။
ချဲလ်ဆီး နည်းပြ တူချယ်က လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ဂိုးသမား နေရာက ကီပါနဲ့ မန်ဒီ တို့ နှစ်ယောက်ထဲက ဘယ်သူ့ကို ပွဲထုတ်လာမလဲ မသိသေးဘူးလို့ ဆိုထားပါတယ်။
ဝက်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း အပိုင်အခွင့်အရေးများစွာ ဖြုန်းတီးပစ်ခဲ့တဲ့ မန်ယူအသင်း ကွင်းလယ်တိုက်စစ် ကစားသမား ဖာနန်ဒက်စ်ကတော့ ၎င်းရဲ့ မှားယွင်းမှုတွေအပေါ် ပွဲအပြီး ဝန်ခံသွားခဲ့ပြီး သရေရလဒ်အတွက် စိတ်ပျက် မိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

စပါးအသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် လိဒ်အသင်းနည်းပြ ဘီယဲလ်ဆာတစ်ယောက် အသင်းနဲ့ လမ်းခွဲဖို့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ၎င်းတို့ရဲ့ လမ်းခွဲမှုက သေချာသလောက် အနေအထားမှာ ရှိနေကြောင်း သတင်းများအရ သိရပါတယ်။
တယ်လီဂရပ်ဖ် သတင်းဌာန အဆိုအရ ပီအက်စ်ဂျီ အသင်းဟာ လာမယ့် နွေမှာ ချဲလ်ဆီး ကွင်းလယ်သမား ကန်တေ ကို ခေါ်ယူဖို့ လှုပ်ရှားလာဖွယ် ရှိကြောင်း သိရပါတယ်။ ကန်တေ လက်စတာ အသင်းနဲ့ ပရီးမီးယားလိဂ် ဖလား ယူနိူင်ခဲ့သလို ချဲလ်ဆီးအသင်း ချန်ပီယံလိဂ် ဗိုလ်စွဲရာမှာလည်း အဓိက အသင်းသား ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်နဲ့ လိုင်လီ ခံစစ်မှုး ဘော့မန်း တို့ဟာ နယူးကာဆယ် အသင်းထံ အသည်းအသန် ပြောင်းလာချင်ခဲ့ကြကြောင်း ကာဆယ် ဒါရိုက်တာ အာမန်ဒါ က ဖော်ထုတ် ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းနဲ့ အေဂျက် အစွန်ခံစစ်သမား Noussair Mazraoui ကို ခေါ်ယူဖို့ အေးဂျင့် ရွိုင်းအိုလာနဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းထွက်လာပါတယ်။