ဒိုလေးနဲ့ ဖာနန်ဒက်စ်တို့ကို အံ့သြနေတဲ့ အိုဝင်၊ ကာဆယ် ဝင်လုတဲ့ တိုက်စစ်ပစ်မှတ်နဲ့ ယနေ့ မန်ယူ သတင်းများ

မန်ယူနည်းပြရန်နစ်ကတော့ ဝက်ဖို့ဒ်နဲ့ပွဲမှာ တိုက်စစ်ကစားသမားတွေရဲ့ ဂိုးသွင်း မသေချာမှုကို စိတ်ပျက်လျက်ရှိနေပြီး သူ့အသင်း အနေနဲ့ ဂိုးရှေ့မှာ ထက်မြက်မှု လိုအပ်နေကြောင်း၊ သူတို့ုဟာ အနည်းဆုံးနှစ်ဂိုးလောက်သွင်းနိုင်ဖို့ လုံလောက်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ အဆုံးသတ်က စိတ်ပျက်စရာ ကောင်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ဝက်ဖို့ဒ်နဲ့ပွဲမှာ စီရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ အနေနဲ့ အခွင့်အရေးတွေ လွဲချော်ခဲ့တာ ထူးဆန်းလွန်းကြောင်း၊ အထူးသဖြင့် စီရော်နယ်ဒိုဟာ ကစားသမား ဘဝတစ်လျှောက် အဆုံးသတ် သေချာလွန်းသူဖြစ်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူနည်းပြ ရန်နစ်က တိုက်စစ်ကစားသမား ရက်ဖို့ဒ်ဟာ ဆန်ချိုလို ဖြစ်ရပ်မျိုးနဲ့ အလားတူခဲ့ကြောင်း၊ ဆန်ချိုအနေနဲ့ လွန်ခဲ့တဲ့ ၆ ပတ်၊ ၇ ပတ်လောက်တုန်းကလည်း ရက်ဖို့ဒ်လို ရုန်းကန်ခဲ့ရကြောင်း၊ ရက်ဖို့ဒ်ဟာ လေ့ကျင့်ရေးကွင်း မှာတော့ အထင်ကြီးစရာ စွမ်းရည်ကို ပြသထားပြီး ဆန်ချိုရဲ့ခြေရာကို လိုက်နင်းကာ ပုံစံကောင်းပြန်ရဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

နယူးကာဆယ်ပူးတွဲပိုင်ရှင် အာမန်ဒါစတိဗ်လေက မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ လင်ဂတ်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မိမိတို့အသင်းကို ပြောင်းရွှေ့လိုခဲ့ကြောင်း၊ သူတို့အနေနဲ့လည်း လင်ဂတ်ကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်နောက်ခံလူဟောင်း အက်ရှ်လေ ဝီလီယံက ဝက်ဖို့ဒ်ကို သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ယူလူငယ်ကြယ်ပွင့် အီလန်ဂါ ကို ချီးကျူးခဲ့ပြီး အီလန်ဂါဟာ အပေါင်းလက္ခဏာ ဆောင်ခဲ့ကြောင်း၊ မန်ယူဟာ အဆိုပါပွဲမှာ ကစားပုံ ဆိုးရွားခဲ့ခြင်းမရှိဘဲ အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ နာပိုလီတိုက်စစ်မှုး အိုရှင်ဟန်ကို နယူးကာဆယ်က လက်ဦးမှုယူကာ ခေါ်ယူနိုင်ဖို့ အလားအလာ ကောင်းနေကြောင်း အီတလီမီဒီယာက ဖော်ပြထားပါတယ်။ မန်ယူအနေနဲ့ လာမဲ့နွေရာသီမှာ တိုက်စစ်ပိုင်းကို အားဖြည့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး နာပိုလီကနေ ထွက်ခွာဖွယ်ရှိနေတဲ့ အိုရှင်ဟန်ကို ပစ်မှတ်ထားနေတာပါ။