လိဂ်ဖလား ယူသွားတဲ့ လီဗာပူး၊ ဟီးရိုးဖြစ်ခဲ့တဲ့ ဂိုးသမား၊ ပီတာချက် ဝန်ခံမှုနဲ့ ယနေ့ နံနက်ခင်း သတင်းများ
ညက ဝင်ဘာလေမှာ ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲဟာ မိနစ် ၁၂၀ ထိ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ကြတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ခဲ့ရပြီး တစ်သင်းလုံးစီ ကန်သွင်းခဲ့ရပါတယ်။ နောက်ဆုံး ပင်နယ်တီ ကို ချဲလ်ဆီး ဂိုးသမား ကီပါ လွဲချော်ခဲ့တာကြောင့် လီဗာပူးက လိဂ်ဖလားကို သိမ်းပိုက် သွားခဲ့ပါတယ်။
လီဗာပူး လူငယ် ဂိုးသမား ကလယ်ဟာ ကတော့ ထိုပွဲမှာ ဟီးရိုး ဖြစ်ခဲ့ပြီး ပွဲချိန် ပြည့် အရေးပါတဲ့ ကာကွယ်မှုတွေ လုပ်ခဲ့တဲ့ အပြင် ပင်နယ်တီပါ ဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ကလော့ပ်ကတော့ ဗိုလ်လုပွဲ ဖြစ်ပေမယ့် လူသားဆန်တဲ့ စိတ်နဲ့ ကလယ်ဟာ ကို ကစားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

ချဲလ်ဆီး ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ပီတာချက်က ရုရှားရဲ့ကျူးကျော်စစ်ဟာ အားလုံးအပေါ် ရိုက်ခတ်မှုရှိကြောင်း၊ လူတွေမှာ အမြင်ကိုယ်စီရှိကြပြီး မိမိတို့အသင်းကလည်း ထိုကဲ့သို့ အလားတူဖြစ်ကြောင်း၊အသင်းတစ်သင်းအနေနဲ့ ဒီအခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြောင်း၊ သူတို့အနေနဲ့ ပွဲစဉ်တွေကို အာရုံစိုက်ပြင်ဆင်နေပေမဲ့ ဒီကိစ္စက ကစားသမားတွေအပေါ်သာမက တစ်ကမ္ဘာလုံးက လူတိုင်းအပေါ် လွှမ်းမိုးမှု ရှိနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
စပါးကို အရေးနိမ့်ခဲ့ပြီးနောက် လိဒ်စ်ယူနိုက်တက်နည်းပြ ဘီယက်ဆာဟာ အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီဖြစ်ပါတယ်။ လိဒ်စ် ဟာ ဒီရာသီမှာဆိုးရွားတဲ့ ရလဒ်ပိုင်းတွေ ထွက်ပေါ်နေပြီး တန်းဆင်းအန္တရာယ်နဲ့တောင် ရင်ဆိုင်နေရတာပါ။ ဘီယက်ဆာဟာ လိဒ်စ်မှာ ၃ နှစ်ခွဲခန့် ကျင်လည်ခဲ့တာဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်ထံ ပို့ဆောင်ပေးခဲ့သူပါ။
အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ကတော့ အသင်းကနေ ထွက်ခွာသွားတဲ့ တိုက်စစ်မှူး အူဘာမီယန်နဲ့ မိမိတို့ ကစားသမားတွေကြား ဘာပြဿနာမှ မရှိကြောင်း၊ အူဘာမီယန်ဟာ နှစ်လိုဖွယ်ကောင်းသူဖြစ်ပြီး မိမိအနေနဲ့ သူ့ကို ချစ်ခင်မှု ရှိကြောင်း၊ အူဘာမီယန်အနေနဲ့ ဘာစီလိုနာမှာ ကစားသမားကို ကျေနပ်စွာ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။
ချက်ဇ်လက်ရွေးစင်အသင်းကလည်း သူတို့အနေနဲ့ လာမဲ့လအတွင်း ကျင်းပမဲ့ ကမ္ဘာ့ဖလား Play Off ပွဲစဉ်မှာ ရုရှားနဲ့တွေ့ဆုံပါက ယှဉ်ပြိုင်ကစားသွားမှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပိုလန်နဲ့ ဆွီဒင်တို့ကလည်းရုရှားနဲ့ မကစား လိုကြောင်း အစောပိုင်းကတည်းက သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ထားကြတာပါ။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး က ဖရန့်ဖတ်ကို ဝ-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူကရိန်း အသင်း ခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်သွားခဲ့ပါတယ်။ သူတို့အနေနဲ့ ယူကရိန်းမှာ ဖြစ်ပျက်နေတာကို လက်မခံနိုင်ကြောင်း၊ မိမိတို့အနေနဲ့ ယူကရိန်းကို အားပေး ထောက်ပံ့မှုတွေပြုလုပ်ရမှာဖြစ်ကြောင်း လီဝန်ဒေါစကီးက ဖွင့်ဟ ခဲ့ပါတယ်။
အဲဗာတန်နည်းပြ လမ်းပတ်ကတော့ မန်စီးတီးနဲ့ပွဲမှာ ရိုဒရီရဲ့ လက်ထိဘောကို ပင်နယ်တီအဖြစ် သတ်မှတ်မပေးခဲ့ဘဲ VAR ကို ဝေဖန်ခဲ့ပြီး မိမိအိမ်က ၃ နှစ်အရွယ် သမီးလေးကို မေးရင်တောင် ဒါက ပင်နယ်တီဆိုတာပြောနိုင်ကြောင်း၊ VAR က မသေချာဘူးပြောရင် ဒိုင်လူကြီးက သွားရောက် စစ်ဆေးရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဖရန့်လီဘော်က သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒို ကို ဘောလုံးသမားဘဝကနေ အနားယူစေလိုကြောင်း၊ ရော်နယ်ဒို ဒီလိုမျိုး ဆိုးရွားတဲ့အရာတွေဖြစ်ပေါ်နေတာ မမြင်တွေ့လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဗီလာရီးရဲကြယ်ပွင့် ကစားသမား ပီနိုဟာ ဗီလာရီးရဲသမိုင်းတစ်လျှောက် လာလီဂါပွဲစဉ်တစ်ပွဲမှာ တစ်ပွဲတည်း ၄ ဂိုးနှင့် အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၉နှစ်အရွယ် ကစားသမားဟာ အက်စ်ပန်ညို ကို ၅-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၄ ဂိုး သွင်းယူခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဟက်ထရစ် သွင်းသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။