ဂိုးသမား ကီပါအား ဝေဖန်မှု၊ ကာကွယ်သွားတဲ့ တူချယ်၊ လူကာကူ၊ ဟာဗက်၊ ဘရိုဂျာနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

လီဗာပူးကွင်းလယ်လူဟောင် ဟာမန်းက ချဲလ်ဆီးကွင်းလယ်လူ ကိုင်ဟာဗက်ဇ်ကို ချီးကျူးခဲ့ပြီး ကိုင်ဟာဗက်ဇ်အနေနဲ့ သူလုပ်နိုင်စွမ်းရဲ့ တစ်ဝက်ကိုသာ လုပ်ပြထားသေးကြောင်း၊ သူဟာ ထူးခြားတဲ့ အံ့ဖွယ်ကောင်းတဲ့ ကစားသမား ဖြစ်ကြောင်း၊ ကိုင်ဟာဗက်ဇ်ဟာ လျင်မြန်မှု ရှိပြီး ပွဲကို ဆုံးဖြတ်ပေးနိုင်တဲ့ ကစားသမားဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဟယ်ဆယ်ဘိန့် က လိဂ်ဖလားဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ချဲလ်ဆီး ဂိုးသမားကီပါကို ဝေဖန်သွားခဲ့ပါတယ်။

ကီပါအနေနဲ့ ပင်နယ်တီနဲ့ ဂိုးရှေ့ကနေ ကန်တင်ပေးတာ မှားယွင်းခဲ့ပုံရကြောင်း၊ ကီပါရဲ့ ကန်ချက်ဟာ ဂိုးရှေ့ ကန်တင်နေရာမှာတော့ ကောင်းမွန်ကြောင်း၊ ပင်နယ်တီက အဲဒီလောက်ကြီး အားပြင်းစရာ မလိုကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ လီဗာပူးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ တိုက်စစ်မှုး လူကာကူကို ပွဲထွက် စာရင်းထဲ အသုံးမပြုခဲ့တဲ့အပေါ် အံ့အားသင့်မိကြောင်း၊ ဟာဗက်ဇ်ဟာ ပုံစံကောင်းပြပြီး လူကာကူက ပုံစံကောင်း မပြနေပေမဲ့ သူတို့နှစ်ဦးဟာ တွဲကစားနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

နယူးကာဆယ် ဂန္ထဝင်ဟောင်း အလန်ရှီးယားက ဆောက်သမ်တန်မှာ အငှားကစားနေတဲ့ ချဲလ်ဆီး တိုက်စစ်မူှး ဘရိုဂျာ ကို ချီးကျူးမှုပြုလုပ်ခဲ့ပြီး ဘရိုဂျာဟာ ပုံစံမျိုးစုံနဲ့ ဂိုးသွင်းနိုင်သူဖြစ်ကြောင်း၊ သူဟာ ပရီးမီးယားလိဂ်မှာ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

နည်းပြ တူချယ်ကတော့ ချဲလ်ဆီးရဲ့ နောက်ဆုံး အဆုံးအဖြတ် ပင်နယ်တီကို ကီပါ လွဲချော်ပြီး ဖလားလက်လွှတ် ခဲ့ရတဲ့ အတွက် အပြစ်တင်လိုရင် သူ့ကိုပဲ အပြစ်တင်ကြဖို့ ပြောဆိုလိုက်ပါတယ်။

နယူးကာဆယ် အနေနဲ့ လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး ဂိုးသမားကီပါကို ခေါ်ယူဖို့ အလိုရှိနေကြောင်း Daily Star က ဖော်ပြထားပါတယ်။ ကီပါဟာ မန်ဒီရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ပွဲထွက်နေရတဲ့ အပေါ် မပျော်ရွှင် ဖြစ်နေပြီး ချဲလ်ဆီးက သူ့အတွက် ပေါင်သန်း ၅၀ ရရင် ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက သူတို့နည်းပြ တူချယ်ရဲ့ အောင်မြင်မှု လျို့ဝှက်ချက်က ရိုးသားခြင်းသာ ဖြစ်ကြောင်း၊ တူချယ်ဟာ ကိစ္စတွေ အားလုံးကို ရိုးရိုးသားသားနဲ့ ရှင်းပြကြောင်း၊ အောင်မြင်မှုရဖို့ဆိုရင် ရိုးသားမှု ရှိရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။