ကာရာဘောင်းမှာ ဗီလိန် ဖြစ်ပြီးတဲ့နောက် ချဲလ်ဆီးက အရောင်းတင်ဖို့ ကယ်ပါကို ဈေး သတ်မှတ်

ချဲလ်ဆီးအသင်းက အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမားဖြစ်တဲ့ ကယ်ပါ ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ အသင်းကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း(၅၀)ဝန်းကျင် လောက် အလိုရှိနေပါတယ်။

စပိန်လက်ရွေးစင် ဂိုးသမား ကယ်ပါဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာရာဘောင်းဖလား ဖိုင်နယ်မှာလည်း ပင်နယ်တီမှ လူစားဝင်လာခဲ့ပြီး နောက်ဆုံး သူကိုယ်တိုင်ကန်တဲ့ ပင်နယ်တီမှာ လွဲချော်ကာ ဗီလိန် ဖြစ်ခဲ့ရပါသေးတယ်။

အသက်(၂၇)နှစ်အရွယ် ကယ်ပါဟာ ၂၀၁၈ နွေဈေးကွက်မှာပဲ ချဲလ်ဆီးအသင်းဆီကို ဂိုးသမား တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။

သူရဲ့ပွဲဦးထွက်ရာသီမှာ ချဲလ်ဆီးအတွက် လက်စွမ်းပြနိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်းကာလမှ သူရဲ့ လက်စွမ်းပိုင်း မတည်ငြိမ်လာမှုကြောင့် ချဲလ်ဆီးဘက်က ဆီနီဂေါ ဂိုးသမား အက်ဒွါမန်ဒီကို ထပ်မံခေါ်ယူခဲ့ရသလို မန်ဒီကိုပဲ အသင်းရဲ့ ပင်တိုင်ဂိုးသမားအဖြစ်သာ ဆက်တိုက် အသုံးပြုလာခဲ့သလို ကယ်ပါကိုလည်း ပွဲကစားခွင့် အနည်းငယ်သာ ပေးလာခဲ့ပါတော့တယ်။

ဒီနှစ်ဘောလုံးရာသီအတွင်း ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် (၄)ပွဲနဲ့ ချန်ပီယံလိဂ် (၁)ပွဲသာ ပါဝင်ကစားခွင့် ရရှိထားခဲ့ရတဲ့ ကယ်ပါကို ဈေးကွက်တွေအတွင်း ငွေကြေးတွေ ဒလဟော သုံးစွဲသွားမယ့် နယူးကာဆယ်အသင်းက ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတာကြောင့် ချဲလ်ဆီးအသင်းဘက်ကလည်း သူတို့ရဲ့ ဂိုးသမားကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားဖို့ အသင့်ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာကတည်းက ငွေကြေးသုံးစွဲမှုတွေ ခပ်ကြမ်းကြမ်း လုပ်ဆောင်လို့ထားတဲ့ နယူးကာဆယ် အသင်းဟာ အသင်းသာ လာမယ့်နွေမှာလည်း လိုအပ်နေတဲ့ နေရာတွေအတွက် အားဖြည့်တင်းမှုတွေကို အရှိန် ကောင်းကောင်းနဲ့ လုပ်ဆောင်သွားဖို့ ရှိနေရာ ဂိုးသမားနေရာအတွက်ကိုလည်း ကယ်ပါနဲ့ ဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။

အသင်းမှာ ဂိုးသမား(၃)ဦး ရှိနေပေမယ့် ထိပ်တန်းဂိုးသမားတစ်ဦးကို ထပ်မံအားဖြည့်ချင်နေတဲ့ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်မှာ ဒုတိယ ဦးစားပေးတွေ ဖြစ်နေရတဲ့ ကယ်ပါနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်တို့ကို ခေါ်ယူသွားဖို့ ချိန်ရွယ်နေတာဖြစ်ပြီး ကယ်ပါကိုတော့ ဦးစားပေး ကမ်းလှမ်းဖွယ် ရှိနေပါတယ်။