ချဲလ်ဆီးကို ရောင်းမယ် ပြောလည်း ဝေဖန်မှုတွေ ခံနေရသေးတဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျ
၂၀၀၃ ခုနှစ်ကတည်းက ချဲလ်ဆီး အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ မနေ့ညကပဲ ၎င်းနဲ့ အနှစ် ၂၀ နီးပါး လက်တွဲလာတဲ့ ၎င်း ချစ်မြတ်နိုးရတဲ့ ချဲလ်ဆီး အသင်းကို ရောင်းချသွားမှာ ဖြစ်ကြောင်း တရားဝင် statement တရပ် ထုတ်ပြန်ခဲ့ပါတယ်။
ပထမ တကြိမ် statement ထုတ်ပြန်ခဲ့စဉ် က ချဲလ်ဆီးကို မရောင်းပဲ အရိုက်အရာ ဆက်ခံခွင့်ကိုသာ ချဲလ်ဆီး Trustees အဖွဲ့ကို လွှဲပြောင်းမယ့် သဘော သက်ရောက်စေခဲ့တာကြောင့် ပရီးမီးယားလိဂ်နဲ့ ဘောလုံး နယ်ပယ် အသိုင်းအဝိုင်းရဲ့ အကြီးအကျယ် ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။
အခုတကြိမ်မှာတော့ အေဘရာမိုဗစ်ခ်ျ ဟာ ဘယ်လိုမှ မတတ်နိုင်တော့တဲ့ အဆုံး အားလုံးရဲ့ အလိုဆန္ဒ အရ ချဲလ်ဆီး အသင်းကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ရပြီး ထိုရောင်းရငွေ အားလုံးကိုလည်း ရုရှား – ယူကရိန်း စစ်ဘေး ဒုက္ခသည်တွေထံ လှူဒါန်းပေးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
တဖက်မှာ အေဘရာမိုဗစ်ခ်ျ ဟာ အင်္ဂလန် အစိုးရမှ စီးပွားရေး အရ အရေးယူ ပိတ်ဆို့မှုကို အခုအချိန် အထိ မခံရသေးပေမယ့် ၊ ချဲလ်ဆီးကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ခြင်း ဟာ ငွေကြေး ကိစ္စထက် ကလပ် ဂုဏ်သိက္ခာပိုင်း အပေါ် ထိခိုက် ညှိုးနွမ်းမှု မဖြစ်စေလိုတဲ့ ရည်ရွယ်နေတယ် ဆိုတာ ပေါ်လွင်နေပါတယ်။
ကလပ်ကို ထုတ်ရောင်းဖို့ တရားဝင် statement ထုတ်ပြန်ခဲ့သည့်တိုင် အေဘရာမိုဗစ်ခ်ျ အပေါ် မကျေနပ်တဲ့ လူတစုက ဆက်ရှိနေဆဲ ဖြစ်ပြီး ၊ ဒီအထဲမှာ နယူးကာဆယ်နဲ့ အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားလည်း တဦး အပါအဝင် ဖြစ်ပါတယ်။
အလန်ရှီးယား က ချဲလ်ဆီးနဲ့ တရားဝင် လမ်းခွဲတော့မယ့် အေဘရာမိုဗစ်ခ်ျ အတွက် ဝမ်းနည်းစကား တခွန်းမှ မဟခဲ့တဲ့ အပြင် ၊ ရုရှား – ယူကရိန်း စစ်ပွဲ အတွက် အခုအချိန် အထိ speak out မလုပ်ပေးတဲ့ အကြောင်းသာ ဆက်လက် ဝေဖန်သွားခဲ့ပါတယ်။

အလန်ရှီးယား က ” ဒါဟာ ချဲလ်ဆီး အသင်း အတွက် ကြီးမားတဲ့ အခိုက်အတန့် တရပ်ပါ ။ သူဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ချဲလ်ဆီး အတွက် ယူဆောင်ပေးခဲ့ပါတယ် ။ ကျွန်တော်တို့ အားလုံး သိထားတဲ့အတိုင်း ၊ ဘောလုံး ကလပ် တသင်းကို ရောင်းချဖို့ ဆိုတာ ထင်သလောက် မရိုးရှင်းပါဘူး။ ”
” လနဲ့ချီပြီး ကြာတတ်ပါတယ် ။ တခါတလေ နှစ်နဲ့ချီပြီးတောင် ကြာနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီး အရေးကြီးတာ က ရိုမန်ဆီကရော ၊ ချဲလ်ဆီး အသင်းဆီကပါ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲ အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်ခြင်းကို ကျွန်တော့ အနေနဲ့ မမြင်ရသေးတာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီး နောက်ခံလူဟောင်း မီကာ ရစ်ချတ် ကတော့ ယခု ထုတ်ပြန်ချက် ဟာ ပထမ အကြိမ် ထုတ်ပြန်ချက်ထက် အများကြီး ပိုကောင်းတာ မှန်ပြီး ၊ ဝမ်းနည်းစရာလည်း ကောင်းပေမယ့် ၊ အေဘရာမိုဗစ်ခ်ျဖက်က ချဲလ်ဆီးကို မြန်မြန် ရောင်းနိုင်လေလေ ၊ အားလုံး အတွက် ပိုကောင်းလေလေလို့ ဖွင့်ဟခဲ့ပါတယ်။