လာကာ၊ အိုဒီဂတ်၊ စမစ်ရို့စ်၊ အာတီတာ မှန်တယ် ဆိုတဲ့ ဖာဒီနန်နဲ့ ယနေ့ည အာဆင်နယ် သတင်းများ
အာဆင်နယ်အနေနဲ့ ဒီတစ်ပတ် ဝက်ဖု့ိဒ်နဲ့ ယှဉ်ပြိုင်ကစားမဲ့ ပွဲစဉ်မတိုင်ခင် ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး အခြေအနေ ကောင်းမွန်နေပါတယ်။ လူငယ်ကြယ်ပွင့် စမစ်ရို့စ်အနေနဲ့ အခုအခါ လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီး ဝက်ဖို့ဒ်နဲ့ပွဲမှာ ပြန်ပါနိုင်ဖွယ် ရှိနေပါတယ်။
အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က တိုက်စစ်မှူးလာကာဇက်အနေနဲ့ ကာလတို စာချုပ် သက်တမ်း တိုးတာမျိုး လိုချင်မှာ မဟုတ်ကြောင်း၊ လာကာဇက်ဟာ ကာလရှည် စာချုပ်သက်တမ်းချုပ်ဆိုလိုနေကြောင်း၊ သူ့အနေနဲ့ ပွဲစဉ်တိုင်းမှာ ၁၀၀ ရာနှုန်းပြည့်ပေးဆပ်နေပြီး တောက်ပနေတာ မြင်တွေ့နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့က ဒဏ်ရာရရှိနေတဲ့ ကွင်းလယ်လူ သီယာဂိုအနေနဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲ မတိုင်ခင်မှာ ပြန်လည် သက်သာလာမှာဖြစ်ကြောင်း၊ အင်တာမီလန်နဲ့ ကစားမဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတောင် ပြန်လည် ပါဝင်လာနိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။
မန်ယူ ကစားသမားဟောင်း ဂယ်ရီနဗီးလ်က အာဆင်နယ်အနေနဲ့ အူဘာမီယန်ရဲ့နေရာကို အစားထိုးဖို့ ချဲလ်ဆီး တိုက်စစ်မှူး ဘရိုဂျာကို ခေါ်ယူသင့်ကြောင်း၊ ဘရိုဂျာဟာ ငယ်ရွယ်ပြီး ထက်မြက်ကာ အဆုံးသတ်ပိုင်း ကောင်းမွန်သူ ဖြစ်ကြောင်း မိမိအနေနဲ့ ဘရိုဂျာကို များစွာ သဘောကျကြောင်း တိုက်တွန်းခဲ့ပါတယ်။
မစ်ဒယ်ဘရော့မှာ အငှားနဲ့ ကစားနေတဲ့ အာဆင်နယ် လူငယ် တိုက်စစ်မူှးဘာလိုဂန်အနေနဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ စပါးကို အလဲထိုးကျော်ဖြတ်ပြီးနောက် စပါးကို လှောင်ပြောင်မှု ပြုလုပ်ခဲ့ပါတယ်။ အဆင့်တူအသင်းနဲ့ တွေ့ဆုံရာမှာ ရလဒ်ကောင်းရခဲ့တယ် လို့ ဘာလိုဂန်က လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။
အာဆင်နယ် တိုက်စစ်ကစားသမား အိုဒီဂတ်ဟာ အရည်အသွေးမြင့်မားပြီး မျှော်လင့်ချင်စရာကောင်းလွန်းတဲ့ ကစားသမား ဖြစ်ကြောင်း၊ အာဆင်နယ် ပရိသတ် အများစုဟာ အိုဒီဂတ်ရဲ့ အရေးပါမှုကို သတိမထားမိကြောင်း၊ အိုဒီဂတ် ဟာ ထိုက်တန်သလောက် အသိအမှတ်ပြုခြင်းမခံရဖြစ်နေကြောင်း ကီဗင်ကမ်းဘဲလ်က ဆိုခဲ့ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က တိုက်စစ်မှူးအူဘာမီယန်ကို ရောင်းထုတ်ခဲ့တဲ့ အာဆင်နယ်နည်းပြအာတီတာရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပြီး အူဘာမီယန်ဟာ အာဆင်နယ်မှာ မပျော်ရွှင်တော့တဲ့ ပုံစံပေါက်နေကြောင်း၊ ဒီရာသီမှာ အာဆင်နယ်တို့ အဆင့်လေးအတွင်း ဝင်ခွင့်ရပြီဆိုရင် အာတီတာရဲ့စွမ်းရည်က တော်တော်လေး ကျေနပ်စရာ ကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ လိုင်လီ တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ဦးစားပေး ပစ်မှတ်အဖြစ် ထားရှိလျက်ရှိနေကြောင်း Fichajes.net က ဖော်ပြထားပါတယ်။လိုင်လီဟာ သူတို့ရဲ့ကြယ်ပွင့်အတွက် ယူရိုသန်း ၅၀ ခန့်အလိုရှိနေပြီး အာဆင်နယ် အနေနဲ့ တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့အတွက် အဆိုပါ ပမာဏကို ပေးချေဖွယ် ရှိနေပါတယ်။