မန်ချက်စတာ ဒါဘီမှာ မန်ယူက နိုင်သွားနိုင်တယ်လို့ မျှော်လင့်နေတဲ့ သရဲနီဟောင်း ရွိုင်ကိန်း

ဒီတစ်ပါတ် တနင်္ဂနွေညမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် 2 သင်း ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး အသင်းတို့ဟာ အီတီဟတ် ကွင်းထဲမှာ မန်ချက်စတာ ဒါဘီ ပွဲစဉ်ကို အကြိတ်အနယ် ကစားသွားရဖို့ ရှိနေကြပါတယ်။

လက်ရှိ အချိန်မှာ မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ရေး အတွက် လုံံးဝ အမှားမခံသင့်တဲ့ အနေအထားမျိုးကို ပိုင်ဆိုင်နေသလို မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ထိပ်သီး 4 သင်း စာရင်းဝင်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

အခုတော့ ထိပ်တိုက် ရင်ဆိုင် ကစားကြမယ့် မန်ချက်စတာ ဒါဘီ ပွဲစဉ် မတိုင်မီမှာ မန်ယူဂန္တဝင် ရွိုင်ကိန်း က ဒီလိုပွဲကိုကြည့်ဖို့ စောင့်မျှော်နေပြီး မန်ယူ အနိုင်လည်း မျှော်လင့်လို့ ရနိုင်ကြောင်း သုံးသပ်လိုက်ပါတယ်။

” ကျွန်တော်ကတော့ ဒီပွဲကို စောင့်မျှော် နေပါတယ် ။ စီးတီး အတွက်တော့ နောက်ထပ် အစမ်းသပ်ခံရမှု တစ်ခုပဲပေါ့ဗျာ ။ သူတို့တွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အံ့ဖွယ် ဖြစ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့လည်း အလှည့်အပြောင်းလုပ်ပြီး တစ်ခုခု လုပ်ပြနိုင်သေးတယ်လို့ မျှော်လင့်လို့ ရနိုင်ပါတယ် ”

” မန်ယူနိုက်တက် အတွက် အကောင်းဆုံးကတော့ ကောင်တာ တိုက်စစ် ကစားခြင်းပါ။ စီးတီး ကတော့ သူတို့အမြဲ ကစားနေကြအတိုင်း ဘောလုံးကိုင် ကစားကြမှာ သေချာလှပါတယ်။ ဒီလို အနေအထားမျိုးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ကောင်တာ ကစားဖို့ လိုပါတယ် ”

” မန်ယူ အသင်းဟာ နောက်ကျ မိနစ်တွေမှာ အခွင့်အရေးတွေ ပိုပြီး ဖန်တီးပြနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ အရတော့ မယူနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ တနင်္ဂနွေမှာတော့ သူတို့ ဒါကို အရယူနိုင်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲမှာ သူတို့ အခွင့်အရေး သိပ်ရနိုင်မှာ မဟုတ်လို့ပါပဲ ” လို့ ရွိုင်ကိန်း က ပြောကြားခဲ့ပါတယ်။

ဒီပွဲမတိုင်မီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 7 ပွဲဆက်မှာ 2 ပွဲသာ အနိုင် ကစားထားနိုင်ခဲ့ပြီး 5 ပွဲ အထိ သရေ ရလဒ်မျှသာ ရယူထားနိုင်ခဲ့တဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားခဲ့ရပါတယ်။

အခြားတစ်ဖက်မှာတော့ မန်စီးတီး အသင်းဟာ 7 ပွဲမှာ 6 ပွဲထိ အနိုင် ကစားထားနိုင်ခဲ့ပြီး တော့တင်ဟမ် ဟော့စပါး တစ်သင်းထဲကိုသာ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါ့ကြောင့် ရပ်တည်မှု အရရော စွမ်းဆောင်ရည် အရပါ မန်စီးတီး အသင်းက ထူးကဲသာလွန်နေခဲ့ ပါတယ်။