ဒိုလေးထက် ဗာဒီ ပိုကောင်းတယ် သုံးသပ်မှု၊ မန်ချက်စတာ ဒါဘီ ပွဲကြိုနဲ့ ယနေ့ည မန်ယူသတင်းများ
မန်စီးတီးကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်က လက်ရှိ မန်ယူအသင်း ကစားသမားတွေထဲမှာ မန်စီးတီးမှာ နေရာ ရနိုင်တဲ့ ကစားသမား တစ်ယောက်မှ မရှိကြောင်း၊ ဖာနန်ဒက်စ်ကလည်း အရင်နှစ်က ခြေစွမ်းကို မမြင်တွေ့ရကြောင်း၊ လက်ရှိ အချိန်မှာ အီလန်ဂါတစ်ယောက်လောက်ပဲ အနီးစပ်ဆုံး တွေ့မြင်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်ယူ ဂန္တဝင် ရွိုင်ကိန်းကတော့ ဒီတပတ် မန်ချက်စတာ ဒါဘီမှာ ဘာမဆို ဖြစ်နိုင်ပြီး မန်ယူကလည်း အနိုင် ရသွားနိုင်တယ် လို့ မျှော်လင့်စကား ဆိုခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဒန်နီမာဖီက မန်ယူအနေနဲ့ သူတို့ရဲ့နည်းပြသစ်အဖြစ် ရီးရဲမက်ဒရစ်နည်းပြ အန်ဆယ်လော့တီကို မခန့်သင့်ကြောင်း၊ အန်ဆယ်လော့တီဟာ သူချစ်ခင်နှစ်သက်တဲ့ အေစီမီလန်ကလွဲလို့ ကျန်တဲ့ အသင်းတွေမှာ ၂ နှစ်ထက် ပိုမနေကြောင်း၊ မန်ယူက သူတို့နဲ့ ရေရှည်လက်တွဲနိုင်မဲ့ နည်းပြမျိုးရှာရမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
မန်ယူပရိသတ်တွေကတော့ လေ့ကျင့်ရေးကွင်းက စီရော်နယ်ဒိုနဲ့ ဖီးလ်ဂျုံးစ်တို့ရဲ့ အတွဲအဖက်ကို သဘောကျ နေပါတယ်။ လေ့ကျင့်ရေးကွင်းမှာ စီရော်နယ်ဒိုရဲ့ ဖန်တီးမှုကို ဖီးလ်ဂျုံးစ်က နောက်ပေါက်နဲ့ ကန်သွင်းယူခဲ့တာပါ။ ဒီဗီဒီယိုကိုမြင်ပြီး ဖီးဂျုံးစ်ဟာ တိုက်စစ်မှာတောင် ကစားလို့ရပြီဖြစ်ကြောင်း ပရိသတ်တွေက အရွှန်းဖောက်ခဲ့ကြပါတယ်။
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မက်ဂွဲရားရဲ့ အနာဂတ်ကလည်း မရေရာတဲ့ အနေအထားကို ရောက်ရှိ လာနေပါပြီ။ မန်ယူ ကစားသမားတွေဟာ မက်ဂွဲရားရဲ့ စွမ်းဆောင်ရည်ပိုင်းကို မပျော်ရွှင်ဖြစ်နေပြီး မက်ဂွဲရားအနေနဲ့ လက်ရှိ နည်းပြ ရန်နစ်ရဲ့ ပွဲထွက်စာရင်းမှာ နေရာရနေသေးတဲ့အပေါ် မေးခွန်းထုတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ တွမ်မီနေးအနေနဲ့ ဒီတစ်ပတ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားမဲ့ မန်ချက်စတာဒါဘီ ပွဲ မတိုင်ခင် လေ့ကျင်းရေးကွင်းမှာ ပြန်လည်တွေ့မြင်ခဲ့ရပါတယ်။ တွမ်မီနေးဟာ အဖျားဝေဒနာကြေငာ့် မန်ယူရဲ့ ပွဲစဉ်တွေ ကို လွဲချော်ခဲ့ပြီး တွမ်မီနေး အနေနဲ့ လေ့ကျင့်ခန်း အပြည့်အ၀ မဆင်းနိုင်တာကြောင့် မန်စီးတီးနဲ့ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ နည်းပြ ရန်နစ်က ဖွင့်ဟထားပါတယ်။
မန်ယူတိုက်စစ်ကစားသမား ဆန်ချိုက သူ့အနေနဲ့ မန်ယူမှာ ဖြတ်သန်းရတဲ့ ကစားသမားဘဝကို ကျေနပ်မိကြောင်း၊ သူ့အနေနဲ့ ခမ်းနားတဲ့ ကစားသမားကောင်းများစွာနဲ့ တွဲကစားနေရပြီး စီရော်နယ်ဒို၊ ပေါ့ဂ်ဘာ၊ ဗာရာနီတို့လို ခမ်းနားတဲ့ ကစားသမားတွေဆီကနေ အကောင်းဆုံး သင်ယူနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဒါရင်းဘန့်ကတော့ လက်စတာတိုက်စစ်မှူး ဗာဒီဟာ စီရော်နယ်ဒိုထက် ပိုကောင်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ဒါရင်းဘန့်က စီရော်နယ်ဒိုဟာ နံပါတ် ၉ အဖြစ် ကစားတာ သိပ်မကြာ သေးကြောင်း၊ ဗာဒီကတော့ သူ့ ကစားသမား ဘဝ တစ်လျှောက်လုံး နံပါတ် ၉ အဖြစ် ကစားလာတာဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်နယ်ပယ်မှာတော့ ဗာဒီကိုသာ ရွေးရမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
မန်ယူနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားလျက်ရှိနေတဲ့ အေဂျက်ဇ်နည်းပြ တန်ဟတ်အနေနဲ့ လက်ရှိအချိန်မှာ အင်္ဂလိပ်စကား သင်ယူနေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒေးလီးမေးလ် ရဲ့ ဖော်ပြချက်အရ တန်ဟတ်ဟာ မန်ယူနည်းပြ ရာထူးကို လက်ခံဖို့ ပြင်ဆင်နေပြီး အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်အောင် သင်ယူ နေကြောင်း သိရပါတယ်။