မနှစ်ကလည်း အနိုင် ကန်ပြထားပြီ လို့ မန်ချက်စတာ ဒါဘီပွဲကြို သတိပေးလိုက်တဲ့ လင်ဒီလော့ဖ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတပတ် ပရီးမီးယာလိဂ်မှာ မန်ချက်စတာ ဒါဘီ ပွဲစဉ်ကို မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းရဲ့ အီတီဟတ် ကွင်းထဲမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။

မန်ယူအသင်းရဲ့ ဗဟို နောက်ခံလူ ဖြစ်တဲ့ ဗစ်တာ လင်ဒီလော့ဖ် က သူတို့ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက မန်စီးတီး အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြနိုင်ခဲ့သလို ဒီရာသီမှာလည်း လုပ်ပြနိုင်စွမ်းရှိကြောင်း ပွဲကြိုမှာ သတိပေးလိုက်ပါတယ် ။

” ကျွန်တော်တို့ဟာ အရင်ကလည်း ဒါကို လုပ်ပြခဲ့ပြီးကြပါပြီ ။ ကျွန်တော်တို့ဆီမှာ သူတို့ကို အနိုင်ယူပြနိုင်ဖို့အတွက် အသင်းလိုက် အဖွဲ့လိုက် အရည်အသွေး ရှိနှင့်ပြီးသား ဆိုတာကိုလည်း ကျွန်တော်တို့တွေ သိနှင့်ထားကြပါတယ် ”

” ကျွန်တော်တို့ ကောင်းကောင်း ပြင်ဆင်ပြီး game plan ကို လိုက်နာရင် အဝေးကွင်းမှာ နောက်ထပ် ရမှတ် ၃ မှတ်ကို စုဆောင်းနိုင်ခြေ ရှိနေလိမ့်မယ်လို့ တွေးတောထားပါတယ် ။ ဒါက ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်သွားမှာပါ။ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ် ” လို့ လင်ဒီလော့ဖ် က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဒီပွဲ မတိုင်မီ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် 10 ပွဲမှာ 4 ပွဲသာ အနိုင်ရခဲ့ပြီး 6 ပွဲအထိ သရေကျခဲ့ပါတယ် ။ အခြားတဖက်မှာတော့ မန်စီးတီး အသင်းဟာ 8 ပွဲ နိုင် ၊ 1 ပွဲ သရေ ၊ 1 ပွဲမျှသာ ရှုံးနိမ့်ထားခဲ့ပါတယ် ။

ဒါ့အပြင် မန်စီးတီး အသင်းဟာ လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းထက် အစစအရာရာ သာလွန်နေခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကိုလည်း 19 မှတ် အကွာနဲ့ အပြတ်အသတ် ဦးဆောင် ထားနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် ဒီပွဲစဉ်မှာ ချန်ပီယံဆုကို ကာကွယ်လိုတဲ့ မန်စီးတီး အသင်းကပဲ အနိုင်ရလဒ် ရယူသွားနိုင်လိမ့်မယ်လို့ ရေပန်းစားနေတာ ဖြစ်ပြီး အချို့ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ထင်မှတ်မထားတာတွေ လုပ်ပြနိုင်စွမ်း ရှိတယ်လို့ ယူဆနေကြပါတယ်။