ရောင်းခံရမယ့် ဘစ်ဆာကာ၊ စပါးပဲ သွားချင်တဲ့ ပိုချက်၊ ဒိုလေးကို မသုံးဖို့ သတိပေးမှုနဲ့ ယနေ့ည မန်ယူ သတင်းများ
မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာလိုပေမဲ့ အသင်းဟောင်း စပါးကိုသာ ပြန်ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။ မန်ယူအနေနဲ့ရန်နစ်ရဲ့နေရာမှာ အမြဲတမ်းနည်းပြ တစ်ဦးကို ခန့်အပ်မှာဖြစ်ပြီး တန်ဟတ်နဲ့ ပိုချက်တီနိုတို့နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူသွားမှာပါ။
ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ အဲလက်ခရာ့ချ်က မန်ယူအနေနဲ့ မန်စီးတီးနဲ့ပွဲမှာ တိုက်စစ်မူှး စီရော်နယ်ဒိုကို ပွဲထွက်စာရင်းကနေ ချန်လှပ်သင့်ကြောင်း၊ စီရော်နယ်ဒိုဟာ ဂိုးတွေအမြဲတမ်းသွင်းနိုင်တဲ့ကစားသမားဖြစ်ပေမဲ့ မန်စီးတီးလို အသင်းမျိုးနဲ့ပွဲမှာ လမ်းလျှောက်နေမဲ့ ကစားသမားကို အသုံးပြုလို့မရကြောင်း သုံးသပ်ခဲ့ပါတယ်။

ဒန်နီမာဖီက မန်ယူအနေနဲ့ သူတို့ရဲ့နည်းပြသစ်အဖြစ် ရီးရဲမက်ဒရစ်နည်းပြ အန်ဆယ်လော့တီကို မခန့်သင့်ကြောင်း၊ အန်ဆယ်လော့တီဟာ သူ ချစ်ခင်နှစ်သက်တဲ့ အေစီမီလန်ကလွဲလို့ ကျန်တဲ့ အသင်းတွေမှာ ၂ နှစ်ထက် ပိုမနေကြောင်း၊ မန်ယူက သူတို့နဲ့ ရေရှည်လက်တွဲနိုင်မဲ့ နည်းပြမျိုးရှာရမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ နောက်ခံလူ ဝမ်ဘစ်ဆာကာကို ရောင်းထုတ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ လက်ရှှိမှာ နည်းပြရန်နစ်အနေနဲ့ ဘစ်ဆာကာ ထက် ဒါလော့ကို ဦးစားပေး သုံးနေပြီး ဘစ်ဆာကာကို ရောင်းထုတ်ကာ နောက်ခံလူသစ်တစ်ဦး ခေါ်ယူသွားဖွယ် ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ နောက်ခံလူ မက်ဂွဲရားရဲ့အနာဂတ်ကို စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။ မန်ယူ ကမက်ဂွဲရားရဲ့နေရာမှာ ထိပ်တန်းအဆင့် ကစားသမားတစ်ဦးကိုအစားထိုး ခေါ်ယူသွားမယ်လို့ Daily Mail က ဖော်ပြထားပါတယ်။
မန်စီးတီး ကစားသမားဟောင်း ရှောင်ရိုက်ဖီးလစ်က လက်ရှိ မန်ယူအသင်း ကစားသမားတွေထဲမှာ မန်စီးတီးမှာ နေရာ ရနိုင်တဲ့ ကစားသမား တစ်ယောက်မှ မရှိကြောင်း၊ ဖာနန်ဒက်စ်ကလည်း အရင်နှစ်က ခြေစွမ်းကို မမြင်တွေ့ရကြောင်း၊ လက်ရှိအချိန်မှာ အီလန်ဂါ တစ်ယောက်လောက်ပဲ အနီးစပ်ဆုံး တွေ့မြင်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူနည်းပြရန်နစ်က တိုက်စစ်မှူး ကာဗာနီအနေနဲ့ မန်ချက်စတာဒါဘီမှာ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေကြောင်း၊ ကာဗာနီ ဟာ လေ့ကျင့်ခန်းပြန်ဆင်းလျက်ရှိနေပြီး ဒုတိယအကြိမ်မြောက်မှာတော့အသင်းလိုက်လေ့ကျင့်ခန်း ပြန် လုပ်နေပြီဖြစ်ကြောင်း၊ ကာဗာနီဟာ အနည်းဆုံးတော့ လူစာရင်းမှာ ပါဝင်လာနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘားနက်စ်ကတော့ နည်းပြရန်နစ် ဘက်ကနေ ကာကွယ်သွားခဲ့ပြီး ရန်နစ်ကို ခန့်လိုက်တာက စိတ်ပျက်စရာ မဟုတ်ခဲ့ကြောင်း၊ ရန်နစ်ဟာ ကာလတိုသာ ရောက်လာတာဖြစ်ပြီး အမြဲတမ်းနည်းပြ မဖြစ်နိုင်ကြောင်း၊ လက်ရှိ ရလဒ်တွေက ရန်နစ်ရဲ့အမှားမဟုတ်ဘဲ သူက နည်းပြကောင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။