စီးတီး ပြောင်းခဲ့သင့်တဲ့ ဒိုလေး၊ ရွေးခံရတဲ့ နာချို၊ စိတ်ပျက်နေတဲ့ တော်မီနေးနဲ့ ယနေ့ည မန်ယူ သတင်းများ
မန်ယူနိုက်တက်ဟာ စီးတီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအတွင်း ရှက်စရာကောင်းခဲ့ပြီး လုံလောက်တဲ့ ကြိုးစားအားထုတ်မှု မရှိခဲ့ဘူး ဆိုတဲ့ ဝေဖန်သူတွေရဲ့ အဆိုကို မန်ယူ ကွင်းလယ်လူ တော်မီနေးက စိတ်ပျက်မိကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ရော်နယ်ဒို က လာမယ့် နွေမှာ မန်ယူအသင်း ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ဘူးဆိုရင် အသင်းကနေ ထွက်ခွာဖို့ အသင့်ဖြစ်နေပါတယ်။ ရော်နယ်ဒိုက လက်ရှိ ရင်နစ်နဲ့ အဆင် မပြေဖြစ်နေသလို မန်စီးတီးနဲ့ပွဲလည်း ချပ်လှပ်ထားခြင်းခံရ ပြီးနောက်မှာ ပေါ်တူဂီ ကို ပြန်သွားကာ သူ့ အနာဂတ် ကို စဉ်းစားတော့မယ်လို့ သိရပြီး PSG အသင်းကို ဦးစားပေး ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းထွက်နေပါတယ်။

လီဗာပူး ကစားသမားဟောင်း ဂျွန်ဘန်းစ်က ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေကသာ မန်စီးတီးအသင်းကိုပဲ ရွေးချယ် ပြောင်းရွှေ့ ဖြစ်ခဲ့မယ် ဆိုရင် ခုနေ စီးတီးမှာ ဂိုး ၂၅ လောက် သွင်းပြီးနေပြီလို့ ပြောဆိုလိုက်ပါတယ်။
မန်ယူအသင်း နည်းပြဖြစ်တဲ့ ရင်နစ် ကတော့ သူ့အနေနဲ့ မန်ယူ အမြဲတမ်း နည်းပြ ဖြစ်လာမှာ မဟုတ်တာ သေချာ သလောက်ရှိသွားတာကြောင့် သူ့ နေရာ အစားထိုးစေချင်တဲ့ လူကို စိတ်ထဲမှာ ရှိကြောင်း ဒါပေမယ့် ကလပ်ကို သူ ထွက်ခွာခါနီးမှ ပြောမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
မန်ယူ တိုက်စစ်မှုး မားကပ်စ် ရက်ချ်ဖိုဒ့်က သူ့အနာဂတ်ကို လာမယ့် နွေမှာစဉ်းစားတော့မယ်လို့ ဆိုပါတယ်။ ရက်ချ်ဖိုဒ့်က ပွဲချိန် ကစားခွင့် နည်းပါးတဲ့ အပေါ် စိတ်ပျက်နေတာလို့ ဆိုပါတယ်။ သူ့ စာချုပ်က ဇွန်လ ၂၀၂၃ မှာ ကုန်ဆုံးတော့မှာပါ။

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာ မတ်ဘတ်စ်ဘီ ရဲ့ နေရာကို ဆက်ခံပြီး ၁၈ လသာ လုပ်ကိုင် ခဲ့တဲ့ နည်းပြဟောင်း ဖရန့် အိုဖာရဲ ဟာ အသက် ၉၄ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့တယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် ယူ-၁၈ အသင်းမှာ ကစားနေတဲ့ ၁၇ နှစ် အရွယ် အဲလီဂျန်ဒရို ဂါနာချို ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းကြီးရဲ့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် လူစာရင်းမှာ အံ့အားသင့်ဖွယ် ရွေးချယ် ခံခဲ့ရတယ်လို့ သိရပါတယ်။