ဘောနပ်စ် အများကြီး ရမယ့် ဂန်းနားများ၊ ပါကွာတာကို ပစ်မှတ်ထားခြင်းနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ်လူငယ်ကြယ်ပွင့် ဆာကာအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရရင် အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း၊ ဆာကာလို အရည်အသွေးမျိုးဟာချန်ပီယံလိဂ် ကစားရမှာဖြစ်ကြောင်း ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂရိတ်ခရော့ချ်က ဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ လိုင်ယွန်ကြယ်ပွင့် ပါကွာတာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ၈ ဂိုးသွင်းယူထားပြီးခြေစွမ်းပြသလျက်ရှိနေကာ သူ့ကို ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေတာပါ။

ရာသီကုန်လို့ အာဆင်နယ် ချန်ပီယံလိဂ် ဝင်ခွင့် ရရင် အာဆင်နယ်အသင်းသားတွေဟာ ဘောနပ်စ် ဆုကြေး များစွာ ကိုယ်စီရဖို့ ရှိနေပါတယ်။ ကစားသမားတွေ ရတဲ့ ဆုကြေးတွေ တူကြမှာ မဟုတ်ပေမယ့် အများဆုံး သူက ပေါင် ၅ သိန်းထိ ရမယ်လို့ သိရပါတယ်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီရဲ့ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာက အလွန် နှစ်လိုဖွယ်ကောင်းကြောင်း၊ အွန်နရီဟာ ပရီးမီးယားလိဂ်ရဲ့ အခမ်းနားဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ သောမတ်ပါတေးက ဆာကာဟာ ကမ္ဘာပေါ်ရှိ အကောင်းဆုံး လူငယ်တွေထဲက တစ်ဦးဖြစ်ကြောင်း၊ ဆာကာဟာ ခမ်းနားတဲ့အလုပ်ကို လုပ်ဆောင်နေပြီး အသင်းမှာ ကာလရှည် ဆက်ရှိနေဖို့ မျှော်လင့်မိကြောင်း၊ ဆာကာရဲ့ စိတ်ဓာတ်ပိုင်းက သန်မာပြီး အသင်းအတွက် အကောင်းဆုံး ပေးဆပ်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်တဲ့ Hackett က ဝက်ဖို့ဒ်နဲ့ပွဲမှာ အာဆင်နယ်ဘက်က သွင်းယူခဲ့တဲ့ မာတင်နယ်လီရဲ့ဂိုးဟာ ခွင့်မပြုသင့်ကြောင်း၊ အဆိုပါဂိုးမှာ အာဆင်နယ်နည်းပြအာတီတာအနေနဲ့ နည်းစနစ်ဧရိယာ အပြင်အထိ ထွက်ပြီး လက်ပစ်ဘောကို ပစ်ပေးခဲ့တာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မဲ့ တိုက်စစ်မှုး လာကာဇက်ကို စာချုပ်သက်တမ်း တိုးဖို့ အစီအစဉ် မရှိသေးကြောင်း နည်းပြ အာတီတာက ဆိုခဲ့ပါတယ်။ သူတို့အနေနဲ့ လာကာဇက်ရဲ့ စာချုပ်ကိစ္စကိုရာသီကုန်ချိန်ရောက်မှ ဆွေးနွေးမှာဖြစ်ကြောင်း အာတီတာက ဆိုခဲ့တာပါ။