အူဘာကို ရောင်းပေးလို့ ကျေးဇူးတင်နေတဲ့ ဇာဗီ၊ လာကာ နေရာ ပစ်မှတ်၊ ရန်းနစ် မှတ်ချက်နဲ့ အာဆင်နယ် သတင်းများ

အာဆင်နယ်အနေနဲ့ လာမဲ့ရာသီမှာ ဘရန်ဖို့ဒ်တိုက်စစ်မူှး တိုနေးကို ခေါ်ယူသင့်ကြောင်း၊ လာကာဇက် နွေရာသီမှာ အာဆင်နယ်ကနေ ထွက်သွားခဲ့ရင် တိုနေးနဲ့ ပြန်အစားထိုးသင့်ကြောင်း ဘောလုံးဝေဖန်သူ ဂရော့ချ်က တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မှုး လာကာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲ စီးရီးအေကလပ် ရိုးမားလည်း ပါဝင်လာခဲ့ပါပြီ။ လာကာဇက်ရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီးသူ့အနေနဲ့ အာဆင်နယ်ကနေ အလွတ်နဲ့ ထွက်ခွာဖွယ်ရှိနေပါတယ်။

ဘာစီလိုနာ နည်းပြ ဇာဗီက အူဘာမီယန်ကို သူတို့အသင်းထံ ရောင်းချခဲ့တဲ့ အာဆင်နယ်ကို ကျေးဇူးတင်ခဲ့ပြီး အူဘာမီယန်ဟာ သူတို့အတွက ်ကောင်းကင်က ဖန်ဆင်းပေးလိုက်တဲ့ လက်ဆောင်လိုဖြစ်ကြောင်း၊ အူဘာမီယန်ဟာ အပေါင်းလက္ခဏာ ဆောင်တဲ့ ကစားသမားဖြစ်ပြီး သူရောက်ပြီးကတည်းက အဝတ်လဲခန်းဟာ ကောင်းမွန်လာကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်နည်းပြ အာဆင်ဝင်းဂါးက သူ့အနေနဲ့ ၂၀၀၆ ခုနှစ်က နောက်ခံလူ အက်ရှ်လေကိုးကို ချဲလ်ဆီးထံ ရောင်းချခဲ့ကြောင်း မှားယွင်းခဲ့ကြောင်း၊ အက်ရှ်လေကိုးဟာ အာဆင်နယ်ကနေထွက်ခွာသွားပြီးနောက် တိုးတက်သထက် တိုးတက်လာတဲ့ ကစားသမား အနည်းစုထဲက တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ဟာ ရာသီအစ ၁၀ ပွဲမှာ ၁ဂိုးသာ အသင်းအတွက် ကူညီပေးခဲ့ပေမယ့် နောက်ဆုံး ပရီးမီးယားလိဂ် ၁၁ပွဲမှာ ၁၀ဂိုး အထိ အသင်းအတွက် ပါဝင်ပတ်သက်ပေးထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

လက်စတာတို့ အမ်းမရိတ်မှာ အာဆင်နယ် အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဘရန်ဒန်ရော်ဂျာက ဂန်းနား ဂိုးသမား အာရွမ်ရမ်စ်ဒဲလ်ဟာ လက်ရှိအချိန်မှာ အင်္ဂလန်ရဲ့ အကောင်းဆုံး ဂိုးသမား ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ လင်ဂွန်းစီးတီးအသင်းမှာ အငှားနဲ့ကစားနေတဲ့ ညာနောက်ခံလူ ကက်ဖီချ်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ အာဆင်နယ်ဟာလာမဲ့ရာသီမှာ တိုမီယာဆုနဲ့အပြိုင်ဖြစ်စေဖို့ ကက်ဖီချ်ကို ပြန်ခေါ်သွားမှာ ဖြစ်ပြီး အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ကက်ဖီချ်ကလည်း လက်ခံသွားဖွယ်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ရန်နစ်က လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပတ်သက်ပြီး အာဆင်နယ်က ပုံစံကောင်း ပြနေပြီး လက်စတာနဲ့ပွဲမှာလည်း အနိုင်ကစားခဲ့ကြောင်း၊ ဒါကြောင့် သူတို့အနေနဲ့လက်ကျန်ပွဲတွေမှာ အမှတ်လျှော့လို့ မရကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက လက်စတာကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကွင်းလယ်လူ အိုဒီဂတ်ကို ရွှန်းရွှန်းဝေချီးကျူးခဲ့ပြီး အိုဒီဂတ်ရဲ့ခြေစွမ်းက အသင်းရဲ့ဘယ်ရှုထောင့်မှာမဆို ကြောက်ခမန်းလိလိဖြစ်ခဲ့ကြောင်း၊ အိုဒီဂတ်ဟာ ခံစစ်ကိုလည်း ကူညီခဲ့ပြီး အသင်းရဲ့ ကစားကွက်ထဲမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားက လက်ရှိနောက်ခံလူ ဟိုလ်ဒင်းဟာ အာဆင်နယ်ဂန္ထဝင် တိုနီအဒမ်နဲ့ ဆင်တူတဲ့ ကစားသမားဖြစ်ကြောင်း၊ သူဟာ လေ့ကျင့်ရေးကွင်းမှာ နိုင်လိုစိတ် ပြင်းပြပြီးအသင်းဖော်တွေကို ဦးဆောင်ပေးနိုင်သူဖြစ်ကြောင် ဖွင့်ဟခဲ့ပါတယ်။

လက်စတာ ကို ၂ဂိုးပြတ်အနိုင်ရတဲ့ပွဲတွင် တစ်ဂိုးသွင်းယူပေးခဲ့သူ ပါတေးဟာ အချိန်အတော်ကြာ စောင့်ခဲ့ရတာပါလို့ အာဆင်နယ်နည်းပြ အာတီတာက ဖွင့်ဟပြောဆိုပါတယ်။ ပါတေး ဟာ လက်စတာ နဲ့ ပွဲမှာ ဘောလုံး ထိချက် အကြိမ် ၆၀ ၊ ဘောလုံးပေးပို့မှု တိကျနှုန်း ၈၃% ၊ key pass ၁ ကြိမ် ၊ ဘောလုံးယှဉ်လှရာမှာ အသာရမှု ၆ ကြိမ် ၊ ဖျက်ထုတ်မှု ၄ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။