အသင်းဂျာစီ ရှိနေသ၍ ကျွန်တော်တို့က အသင်း တစ်သင်း ဖြစ်နေဦးမှာပါ – တူချယ်
ချဲလ်ဆီး အသင်း ပိုင်ရှင် အေဗရာမိုဗစ်ခ်ျဟာ ကန့်သတ်ချက်တွေတားမြစ်ချက်တွေကြောင့် ကလပ်ကိုရောင်းချမှာဖြစ်ပြီး အသင်းပိုင်ရှင် အသစ်ကို ရှာဖွေဖို့အတွက် အစိုးရကလည်း ခွင့်ပြုမယ်လို့ မျှော်လင့်ရပါတယ်။
ယူကေအစိုးရချမှတ်ထားတဲ့ စည်းမျဉ်းများကို အကောင်ထည်ဖော်မလုပ်ဆောင်မီ ချဲလ်ဆီးအသင်းရဲ့ လိုင်လီသို့ သွားရောက်ကစားမယ့်ပွဲဟာ ကြိုတင်ငွေချေပြီးသားဖြစ်ပြီး စနေနေ့ မစ်ဒယ်ဘရော့နှင့်ကစားမယ့် အက်ဖ်အေ ဖလားပွဲစဉ်က စတင်ပြီး ချမှတ်ထားတဲ့အတိုင်း လိုက်နာရမှာဖြစ်ပါတယ်လို့ တူချယ်က ပြောထားပါတယ်။
ပိတ်ပင်ကန့်သတ်မှုတွေ ဘယ်လိုပင် ရှိနေပါစေ ချဲလ်ဆီး အသင်းဂျာစီ ရှိနေသ၍ သူတို့က အသင်း တစ်သင်း ဖြစ်နေဦးမှာပါ လို့ နည်းပြ တူချယ်က အခိုင်အမာ ဆိုခဲ့ပါတယ်။
“ကန့်သတ်ချက်တွေရှိတာကြောင့် ကျွန်တော်တို့က လိုက်နာဆောင်ရွက်ရမှာပါ။ လက်ရှိအချိန်မှာ ဝန်ထမ်းများ အတွက် ချိန်ညှိတာတွေရှိနေပြီး ဘယ်သူကခရီးသွားမယ်၊ အခန်းကရော ဘယ်လောက်ယူမှာလဲ ပွဲစဉ်တွေကိုရော ကျွန်တော်တို့ ဘယ်လိုသွားကြမှာလဲ စသဖြင့် စီစဉ်နေပါတယ်”

“ဒါဟာ ဇိမ်ခံမယ့်အကြောင်းကို ပြောနေတာမဟုတ်ပါဘူး။ ဒါဟာ ပရော်ဖက်ရှင်နယ်အဆင့် အားကစားတစ်ခု ဖြစ်ပြီး ကျွန်တော်တို့က ၂ ရက်၁ပွဲ ကစားနေရတာဖြစ်ပြီး ပြိုင်ဘက်ကတော့ ၄ ရက်မှ ၁ပွဲကစားထားရတာဖြစ်ပါ တယ်။ ကျွန်တော်တို့မှာ ဒဏ်ရာရ ကစားသမားတွေရှိနိုင်ပါတယ်။ အဲ့ဒီအတွက် ဘက်စ်ကားနဲ့သွားတာထက် လေယာဉ်နဲ့ သွားတာက ပိုပြီးကောင်းပါတယ်”
“ကျွန်တော်တို့ အဲ့ဒီလိုဖြစ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော် နားလည်သလောက်ဆိုရင် ကျွန်တော်တို့အသင်းမှာ ချမှတ်ထားတဲ့ အစီစဉ်ရှိပြီး လိုင်လီနှင့်ပွဲအတွက် စောဒက တက်စရာတော့မရှိပါဘူး။ ဒီလိုအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်အဆင့်မှာ အကောင်းဆုံးဖြစ်နိုင်ဖို့ စီစဉ်ရတာတွေက ပိုပြီးခက်ခဲလာပါတယ်။ သို့ သော်လည်း ကျွန်တော်တို့က ဒါတွေနဲ့ ထိတွေ့ရင်ဆိုင်သွားရမှာပါ”
“အသင်းဂျာစီ ရှိနေသ၍ ကျွန်တော်တို့က အသင်း တစ်သင်း ဖြစ်နေဦးမှာပါ။ ကျွန်တော်တို့က ယှဉ်ပြိုင်နေအုံးမှာ ဖြစ်ပြီး အောင်မြင်မှုရရှိဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ကို ထောက်ခံ အားပေးသူတွေအပေါ် ကျွန်တော်တို့က အကြွေးတင်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အကောင်းဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ တူချယ် က ပြောပါတယ်။