ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် မဲခွဲပွဲ အစီအစဉ်နဲ့ ပွဲကစားမယ့် ရက်များ
ဒီရာသီ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပွဲစဉ်တွေ အားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်လို့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်လာနိုင်ခဲ့တဲ့ အသင်းပေါင်း ၈ သင်း အထိ ထွက်ပေါ်လာခဲ့တယ်။
ထူးခြားတာ ဥရောပ ထိပ်သီးလိဂ် ၅ ခု စာရင်းဝင် ဖြစ်တဲ့ အီတလီ စီးရီးအေ နဲ့ ပြင်သစ် လီဂူး တို့က တစ်သင်းမှ ပါဝင်လာခဲ့ခြင်း မရှိပဲ ၊ အင်္ဂလန် နဲ့ စပိန် တို့က ၃ သင်းစီ ၊ ပေါ်တူဂီ နဲ့ ဂျာမဏီ က တစ်သင်းစီ အသီးသီး တက်ရောက်လာခဲ့ ပါတယ်။
အဲဒီ အသင်းတွေထဲမှာ အေတီကို ၊ မန်စီးတီး ၊ ဗီလာရီးရဲ အသင်းတွေ က လွဲရင် ကျန်အသင်းတွေ ဖြစ်တဲ့ ရီးရဲ မက်ဒရစ် ၊ ဘင်ဖီကာ ၊ လီဗာပူး ၊ ချဲဆီး ၊ ဘိုင်ယန် မြူးနစ် တို့ဟာ ချန်ပီယံလိဂ် ဖလားကြီးကို ကိုင်မြှောက်ဖူးတဲ့ အသင်းတွေ ဖြစ်ပါတယ်။
ကွာတား ဖိုင်နယ်အဆင့် မဲခွဲပွဲကိုတော့ မနက်ဖြန် သောကြာနေ့ ညနေ မြန်မာစံတော်ချိန် ၅နာရီခွဲ အချိန်မှာ ဆွစ်ဇာလန် နိုင်ငံ ၊ နီယွန် မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အထူးဧည့်သည် အဖြစ် လာရောက်ကာ မဲခွဲပွဲမှာ ပါဝင် ကူညီပေးမယ့် သူကတော့ ယူနိုက်တက် ကစားသမားဟောင်း ဆီဗက်စတြား ဖြစ်ပါတယ်။
တကယ်တော့ ဒီမဲခွဲပွဲ အကြောင်းကို တိတိကျကျ ခေါင်းစဉ် တပ်ရရင် “ ကွာတားဖိုင်နယ် + ဆီမီး ဖိုင်နယ် မဲခွဲပွဲ” လို့ ပြောရမှာပါ။ ကွားတား ဖိုင်နယ် အဆင့်တင် မခွဲမှာ မဟုတ်ပဲ ၊ ဆီးမီး ဖိုင်နယ် အတွက်ပါ တစ်ခါတည်း မဲခွဲမှာ ဖြစ်ပါတယ်။
ကွာတား ဖိုင်နယ် ပွဲစဉ်တွေ ထွက်ပေါ်လာတာ နဲ့ 1/2/3/4 အမှတ်စဉ်တွေ သတ်မှတ်ပေးမှာ ဖြစ်ကာ အဲဒီကနေ တဆင့် အကြို ဗိုလ်လုပွဲစဉ်တွေ ကို ဆက်တိုက် မဲခွဲသွားမှာပါ။ တစ်ဆက်တည်းမှာပဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘယ်လမ်းကြောင်းက တက်လာတဲ့ အသင်းက အိမ်ရှင်အသင်း အဖြစ် သတ်မှတ်ကာ ကစားရမလဲ ဆိုတာပါ ရွေးချယ်သွားမှာပါ။
ဒါကြောင့် မနက်ဖြန် ညနေ မှာ ရလာဒ်တွေ ထွက်လာတာနဲ့ ကိုယ်အားပေးတဲ့ အသင်းက ဆီမီးဖိုင်နယ် အဆင့်မှာ ဘယ်ပြိုင်ဘက်တွေ နဲ့ တွေ့နိုင်တယ် ဆိုတာပါ တစ်ပါတည်း ခန့်မှန်းကြည့်လို့ ရမှာ ဖြစ်ပါတယ်။
ကွာတား ဖိုင်နယ် ပထမ အကျော့ပွဲစဉ်တွေကို ဧပြီလ 5/6 ရက် ၊ ဒုတိယ အကျော့ပွဲစဉ်တွေ ကို ဧပြီလ 12/13 ရက်တွေမှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။
အကြိုဗိုလ်လုပွဲစဉ်တွေ ပထမ အကျော့ ပွဲစဉ်တွေကိုတော့ ဧပြီလ 26/27 ရက်တွေ နဲ့ ဒုတိယ အကျော့ကို မေလ 3-4 ရက် နေ့တွေမှာ ကစားရမှာပါ။ ဗိုလ်လုပွဲကို မေလ 28 ရက်နေ့မှာ ပဲရစ် Stade de France ကွင်းကြီးထဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။