ပြင်သစ်မြေမှာ ပြသနာရှာကြတဲ့ ပရိသတ်များ၊ တူချယ် ချန်ပီယံလိဂ်မှတ်တမ်းနဲ့ ချဲလ်ဆီး သတင်းများ

ချဲလ်ဆီး ပရိသတ်တွေကတော့ လိုင်လီနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မစတင်မီမှာ ပြင်သစ်ရဲတွေနဲ့ ပြဿနာဖြစ်ပွားခဲ့ကာ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခံခဲ့ရပါတယ်။

ပြင်သစ်မြေကို လိုက်ပါအားပေးခဲ့တဲ့ ချဲလ်ဆီးပရိသတ်တွေဟာ လိုင်လီဘူတာရုံမျက်နှာချင်းဆိုင်မှာရှိတဲ့ ဘားတစ်ခုမှာ အသင်းပိုင်ရှင် အေဘရာမိုဗစ် နာမည်ကို အော်ဟစ်ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။

လိုင်လီအသင်းကို အနိုင်ရပြီးနောက် ကွာတားတက်လှမ်းနိုင်ခဲ့တဲ့ ချဲလ်ဆီး အသင်းရဲ့ နည်းပြဖြစ်သူ တူချယ်ကတော့ ၎င်းရဲ့ အသင်းကို ကွာတားဖိုင်နယ်မှာ အသင်းတိုင်း ထိပ်တိုက်မတွေ့ဆုံရဖို့ ဆုတောင်းနေရတဲ့ အခြေအနေမျိုး အထိရောက်အောင် ဆက်ကြိုးစားသွားမှာ ဖြစ်ကြောင်း ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် တူချယ်ကိုယ်တိုင်ကလည်း ၎င်းရဲ့ ချန်ပီယံလိဂ် ပထမဆုံး ပွဲ ၅၀ အတွင်း နိုင်ပွဲ ၃၂ ပွဲအထိ ရရှိခဲ့တာကြောင့် ဇီဒန်းရဲ့ ၃၁ ပွဲဆိုတဲ့ စံချိန်ကို ချိုးဖြတ်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီး အသင်းမှာ ကစားခဲ့ဖူးပြီး နည်းပြလည်း ဖြစ်ခဲ့ဖူးတဲ့ အီတလီ ကစားသမားကြီး ဂီယန်လူကာ ဗီယာလီ ဟာ ချဲလ်ဆီး ကို ဝယ်ယူမယ်လို့ သတင်းကြီး နေတဲ့ ဘီလီယံနာ နစ်ကန်ဒီ နဲ့ အတူ တွဲပြီး လုပ်ကိုင် နေတယ်လို့ သိရပါတယ်။

ယူကရိန်း အလယ်ပိုင်း ပေါ်တာဗာ မှ အသက် ၂၇ နှစ်အရွယ် ယူကရိန်းသား ရပ်စတမ် ဒိုရိုရှန်ကိုဆိုတဲ့ ချဲလ်ဆီး ပရိသတ် ဖြစ်သူက ချဲလ်ဆီးအသင်း အပေါ် အခုလို ပိတ်ပင်မှုတွေ လုပ်တာက လွန်တယ်လို့ ရှေ့ထွက် ပြောဆိုလာခဲ့ပါတယ်။