ဂန်းနားတို့ အရှုံးနဲ့ သရေ ခန့်မှန်းမှုများ၊ ဇယားထိပ် အိပ်နေဦးမှာ ဆိုတဲ့ ပက်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

သောကြာနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လိဒ်စ်အသင်းက ဝုဖ်ကို အဝေးကွင်းမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အိမ်ရှင်ဝုဖ်က ကတ်ထရို၊ ထရန်ကာအိုတို့ရဲ့ဂိုးတွေနဲ့ အရင်ဦးဆောင်နိုင်ခဲ့ပြီးမှဒုတိယပိုင်းမှာ လိဒ်စ်က ဟာရီဆင်၊ ရိုဒရီဂီု၊ အာလင်းတို့နဲ့ ဂိုးတွေနဲ့ ပြန်လည်အနိုင်ယူနိုင်ခဲ့တာပါ။

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက်မဲခွဲခဲ့ရာ ဖရန့်ဖတ်နဲ့ ဘာစီလိုနာ၊ ဝက်စ်ဟမ်းနဲ့ လိုင်ယွန်၊ ဘရာဂါနဲ့ ရိန်းဂျားစ်၊ လိုက်ပဇစ်နဲ့ အတ္တလန္တာတု့ိ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ လိုက်ပဇစ်-အတ္တလန္တာနဲ့ ဘရာဂါ -ရိန်းဂျားစ်၊ ဝက်စ်ဟမ်း-လိုင်ယွန်နဲ့ ဖရန့်ဖတ် – ဘာစီလိုနာတို့ တွေ့ဆုံနေပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် အက်စတွန်ဗီလာ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ခန့်မှန်းဆရာကြီးတွေ ဖြစ်တဲ့ မိုက်ကယ်အိုဝင်က ထိုပွဲကို သရေ၊ လော်ရိုးက အာဆင်နယ် ၂-၁ နဲ့ ရှုံးမယ်လို့ ခန့်မှန်းထားကြပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရီးရဲမက်ဒရစ်နဲ့ တွေ့ဆုံနေတာက ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ကြောင်း၊ ဒီအဆင့်မှာ ပြည်တွင်းပြိုင်ဘက်တွေနဲ့ မတွေ့ဘဲ ဥရောပအသင်းတစ်သင်းနဲ့တွေ့ဆုံရတာ နှစ်လိုဖွယ်ကောင်းကြောင်း၊ ဘာနေဗျူးက ပတ်ဝန်းကျင်အခြေအနေဟာ စိတ်လှုပ်ရှားစရာကောင်းမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မော်ရိုကိုနည်းပြ ဟာလီဟော့ဇစ်နဲ့ ချဲလ်ဆီးတိုက်စစ်ကစားသမား ဇီးယက်ချ်နဲ့ ဖြစ်ပွားခဲ့တဲ့ ပြဿနာကို ပြန်ဖွင့်ဟခဲ့ပြီး သူ့အနေနဲ့ ဇီးယက်ချ်ကို လက်ရွေးစင်မှာ ရွေးချယ်ခဲ့ပေမဲ့ ကစားဖို့ ငြင်းဆန်ခဲ့ကြောင်း၊ သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေမဲ့ ဇီးယက်ချ်ကိုနောက်ထပ် ရွေးချယ်တော့မှာ မဟုတ်သလို ဒီအကြောင်းကိုလည်း ထပ်ပြောနေတော့မှာ မဟုတ်ကြောင်း၊ အရွေးခံထားရတဲ့ ကစားသမားတွေအပေါ်ကိုပဲအာရုံစိုက်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ (နိုင်ငံတကာသီတင်းပတ် ရှိနေတာကြောင့်) နောက်ထပ် ၁၄ ရက်လောက်ကတော့ ဇယားထိပ်မှာ အေးအေးဆေးဆေး အိပ်နေရုံပဲ လို့ စီးတီး နည်းပြ ပက် ဂွာဒီယိုလာက ပြောကြားရင်း လီဗာပူး ကပ်လိုက်လာတာကို စိတ်မပူကြောင်း အသိပေးခဲ့ပါတယ်။

ယူရိုပါကွန်ဖရင့်လိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ်ကလပ် လက်စတာအနေနဲ့ နယ်သာလန်ကလပ် ပီအက်စ်ဗွီနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ နောက်ထပ် နာမည်ကြီးတစ်သင်းဖြစ်တဲ့ မော်ရင်ဟိုရဲ့ရိုးမားက Bodo Glimt နဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မန်ယူတိုက်စစ်မှုး စီရော်နယ်ဒိုအနေနဲ့ လာမဲ့ရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ခြေ ရှိကြောင်း၊ နည်းပြသစ်အနေနဲ့ အသင်းကို ဘယ်လိုမျိုးတည်ဆောက်မလဲဆိုတဲ့အပေါ်မူတည်ပြီး စီရော်နယ်ဒိုရဲ့ အနာဂတ်ဟာ သက်ရောက်နိုင်ကြောင်း၊ စီရော်နယ်ဒိုအနေနဲ့လည်း ပွဲတိုင်းမကစားရတဲ့အခြေအနေကို လက်ခံဖို့ လိုအပ်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက သူတို့အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ချင်ရင် တစ်ရာသီ ဂိုး ၉၀ကနေ ဂိုး ၁၀၀ အထိသွင်းနိုင်ဖို့ လိုအပ်ကြောင်း၊ ထိပ်တန်းအသင်းတစ်သင်းဟာ အဲဒီလိုမျိုးဂိုးတွေမဖြစ်မနေ သွင်းယူနိုင်ဖို့ လိုအပ်ပြီး တည်ငြိမ်တဲ့ပုံစံနဲ့ ရှေ့ဆက်ရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဘာစီလိုနာနောက်ခံလူ ဒန်နီအဲဗက်စ်က သူ့အသင်းဖော်ဟောင်း မက်ဆီအနေနဲ့ ပီအက်စ်ဂျီမှာ ဖြတ်သန်းနေရတဲ့ အခြေအနေ ကို သူ့ကိုယ်သူ ကျေနပ်နေမှာ မဟုတ်ကြောင်း၊ မက်ဆီဟာ ကစားပွဲတွေမှာ ထူးခြားအောင် စွမ်းဆောင်နိုင်သူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။