ကော်တင်ညိုကို ကျော်ပြီး အိုဒီဂတ်ကိုပဲ ခေါ်ယူဖြစ်ခဲ့တဲ့ အကြောင်း ရှင်းပြလာတဲ့ အာတီတာ

အာဆင်နယ်ဟာ အခု အက်စ်တွန်ဗီလာမှာ တောက်ပနေတဲ့ ဘာစီလိုနာ အငှားကစားသမား ကော်တင်ညိုကို ခေါ်ယူဖို့ ဘာလို့ မကြိုးစားခဲ့လဲ ဆိုတဲ့ အကြောင်းကို ဒီတပတ် ဗီလာနဲ့ မတွေ့ခင် ပွဲကြိုမှာ အာဆင်နယ် နည်းပြ အာတီတာက ရှင်းပြခဲ့ပါတယ်။

အက်စတွန်ဗီလာဟာ ဘရာဇီးသား ကို ၆လ အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်သလို ကော်တင်ညိုဟာ ဇန်နဝါရီမှာ ပရီးမီးယားလိဂ် ထံ တကျော့ပြန်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေ ပြန်ရှာတွေ့ခဲ့ပြီး အက်စ်တွန်ဗီလာကို အမှတ်ပေးဇယား ထိပ်ဆုံး ၁၀ သင်းထဲပြန်ရောက်အောင် ကူညီပေးခဲ့သလို စနေနေ့ အာဆင်နယ်နဲ့ပွဲမှာ ဂျရတ်ရဲ့ အသင်းလူစာရင်းထဲ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

ကော်တင်ညိုဟာ အက်စ်တွန်ဗီလာထံ မရောက်ခင် အာဆင်နယ်အပါအဝင် စိတ်ဝင်စားတဲ့ ကလပ်များစွာ ရရှိခဲ့သလို ဂန်းနားတွေဟာ ဖန်တီးနိုင်စွမ်းရှိတဲ့ ရွေးချယ်စရာတွေအတွက် ကော်တင်ညိုကို အလိုရှိခဲ့ပေမယ့် အဆုံးသတ်မှာ အိုဒီဂတ်ကိုပဲ ခေါ်ယူခဲ့တာဖြစ်ကြောင်း အာတီတာက အတည်ပြုခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ လိုချင်တဲ့ အရည်အသွေးရှိတဲ့ မတူညီတဲ့ ကစားသမားများစွာကို ရှာဖွေခဲ့ပါတယ်။ အဲ့ထဲမှာ ကော်တင်ညိုလဲ ပါဝင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ တခြား ရွေးချယ်စရာ တစ်ခုကိုပဲ ရွေးချယ်ခဲ့တာပါ”လို့ စပိန်သားနည်းပြက ဆိုပါတယ်။

ကော်တင်ညိုဟာ ဗီလာအတွက် ပရီးမီးယားလိဂ် ၉ ပွဲ ကစားပေးခဲ့ပြီးဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲဦးထွက်တုန်းက သွင်းဂိုးအပါအဝင် ၄ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ကော်တင်ညိုက ဗီလာရဲ့ အဓိက ခြိမ်းခြောက်သူလားလို့ မေးမြန်းခဲ့ရာ အာတီတာက “အန္တရာယ်ရှိတဲ့သူတွေထဲက တစ်ယောက်ပါပဲ။ သူ့မှာ ဘောလုံးရှိနေရင် အသင်းက အများကြီး လုပ်နိုင်ပါတယ်။ သူက အန္တရာယ်များတဲ့ နေရာတွေ ထဲမှာ ရှိပြီး သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ အများကြီး ကူညီပေးခဲ့ပါတယ်။

ဒါကြောင့် အဲ့ဒါက ကျွန်တော်တို့ သိမှတ်ထားရမယ့်အရာပါပဲ။ ဂိုးတွေ၊ အခွင့်အရေးတွေ ဖန်တီးနိုင်တဲ့ သူ့ရဲ့ အရည်အသွေး၊ နေရာလွတ်တွေ ဖန်တီးပေးနိုင်တဲ့ အရည်အသွေးတွေက လီဗာပူးမှာရှိခဲ့တုန်းက အတိုင်းပါပဲ”လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။