ခုတော့ ဘယ်သူမှ လက်မခံနိုင်တာ ပို သေချာသွားခဲ့ပြီ ဖြစ်တဲ့ ရုရှား လက်ရွေးစင် အသင်း

နိုင်ငံတကာ အားကစားခုံရုံး (CAS) ဟာ ရုရှားဘောလုံးအဖွဲ့ချုပ် တင်သွင်းလာတဲ့ အယူခံကို ပယ်ချလိုက်တာကြောင့် ရုရှား လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ကစားခွင့်ရှိတော့မှာ မဟုတ်ဘဲ ဘယ်လို လမ်းကြောင်းမှာ ရှာမရတော့တာ ပိုသေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

ယူကရိန်းအပေါ် ကျူးကျော်နေတဲ့ ရုရှား ကို တကမ္ဘာလုံးက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်နေပြီး အားကစား လောက မှာလည်း ရုရှားလက်ရွေးစင်အသင်းတွေနဲ့ ကလပ်အသင်းတွေကို ယှဉ်ပြိုင်ကစားနေဆဲ ပြိုင်ပွဲတွေကနေ ထုတ်ပယ် ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်တွေကိုတော့ ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့က ပြတ်ပြတ်သားသား ချမှတ်ခဲ့တာပါ။

ရုရှားဟာ ပုံမှန်အတိုင်းဆိုရင် (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ပိုလန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲမှာ အနိုင် ရတဲ့အသင်းက တဖက်က ချက်နဲ့ဆွီဒင်တို့ထဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ပိုလန်က ရုရှားနဲ့ မကစားဘူးလို့ ကြေညာချက်ထုတ်ခဲ့သလို ချက်နဲ့ဆွီဒင်တို့ကလည်း ရုရှားသာ တက်လာရင် ရုရှားနဲ့ ကစားမှာမဟုတ်ဘူးလို့ ပူးတွဲကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ရုရှားတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲကနေ အထုတ်ခံခဲ့ရပြီး ဒီအတွက် နိုင်ငံတကာ အားကစားခုံရုံး (CAS) ကို အယူခံတင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခု ရုရှားရဲ့ အယူခံကိုလည်း CAS က ငြင်းဆန်ပယ်ချခဲ့တာကြောင့် ရုရှားလက်ရွေးစင်အနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားခွင့်ရှိမှာမဟုတ်သလို ကလပ်တွေအနေနဲ့လည်း ယူအီးအက်ဖ်အေ လက်အောက်ခံ ပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားခွင့်ရဦးမှာ မဟုတ်ပါဘူး။

ဒါ့အပြင် ယူအီးအက်ဖ်အေဟာ ရုရှားနဲ့ ပူးပေါင်းပါဝင်နေတဲ့ ဘီလာရုစ်ရဲ့ လက်ရွေးစင်ကိုလည်း ကြားကွင်းမှာ ကစားဖို့၊ ဘီလာရုစ်ပရိသတ်တွေကို ကွင်းအတွင်း ဝင်ရောက်ခွင့်မပေးဖို့ ပိတ်ပင် အရေးယူထားပါတယ်။