FA ဆီမီးမှာ တွေ့တဲ့ မန်စီးတီးနဲ့ လီဗာပူး၊ ဒီဂီယာ ရည်မှန်းချက်၊ ဘာကာသွားမယ့် ကျူတာနဲ့ နံနက်ခင်း သတင်းများ

ညက အက်ဖ်အေဖလား ပွဲစဉ်တွေမှာ မန်စီးတီးက ဆောက်သမ်တန် ကို ၄-၁ နဲ့ အနိုင်ရသလို လီဗာပူးကလည်း နော့တင်ဟမ်ဖောရက်စ်ကို ဂျိုတာရဲ့ ဂိုးနဲ့ ၁-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ် မဲခွဲမှုများလည်း ညက ပြုလုပ်ခဲ့ရာ မန်စီးတီးနဲ့ လီဗာပူးတို့ တွေ့ဆုံနေပြီး ချဲလ်ဆီးက ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့နေပါတယ်။ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဝင်ဘာလေကွင်းမှာ ဧပြီ ၁၆ နဲ့ ၁၇ ရက်များမှာ ကစားရမှာ ဖြစ်ပါတယ်။

ဒီတပတ် ပွဲမရှိတဲ့ အပေါ် မန်ယူနည်းပြ ရန်းနစ်က “ လက်ရှိကျွန်တော်တို့မှာ ဘောလုံးရာသီတစ်ခုအတွင်း ထူးထူးခြားခြား နှစ်ပတ်ကျော် အားလပ်ရက် ရထားပါတယ်။ ကျွန်တော်တို့က ၉ ပွဲ ကျန်ပါသေးတယ်။ အဆင့် ၄ အတွင်း ဝင်ဖို့ဆိုရင် အဲ့ဒီထဲက အများစုကို အနိုင်ကစားရပါမယ်။ ကျွန်တော်တို့ အဲ့ဒီ ၉ ပွဲမှာ ၇ ပွဲလောက် အနိုင်ကစားရပါမယ်။ ”လို့ ဆိုခဲ့ပါတယ်။

ဒီဂီယာက မန်ယူ ပရိသတ်တွေနဲ့ ပြုလုပ်ခဲ့ရတဲ့ အမေးအဖြေ ကဏ္ဍ တစ်ခုမှာ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ၅ ကြိမ်မြောက် ရရင်တော့ ပျော်ရွှင်မိမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့ရဲ့ ရည်မှန်းချက်က အသင်းနဲ့ အဓိက ဆုဖလားတွေ ဆွတ်ခူးဖို့ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှူးဖြစ်တဲ့ ဆာလက် ကို ကလပ်က အခုချိန်ထိ စာချုပ်သက်တမ်း မတိုးနိူင်သေးပါဘူး။ ဒါပေမယ့် ယာဂင်ကလော့ ကတော့ လီဗာပူး အနေနဲ့ ဖလားကို စိန်ခေါ်မယ့် လမ်းကြောင်းမှာ ဒါက အနှောက်အယှက်ဖြစ်မှာ မဟုတ်ကြောင်း မိုဆာလက် က အင်မတန် ပရိုပီသတဲ့ ကစားသမားဖြစ်ကြောင်း ပြောကြားထားပါတယ်။

မန်စီးတီး အသင်းကတော့ လာမယ့် နွေမှာ တိုက်စစ်မှူး တစ်ယောက် ကို မဖြစ်မနေ ခေါ်ယူဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဟားလန်းကို အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး အသင်းက ဘရာဇီးလ် ကစားသမား ဖြစ်တဲ့ ဂျီဆု ကို ဂျူဗီ အသင်းထံ ပေါင် ၆၅ သန်း နဲ့ အရင် ရောင်းချသွားဖွယ် ရှိနေပါတယ်။

ချဲလ်ဆီး အသင်းခေါင်းဆောင်ဖြစ်တဲ့ အပီလီကျူတာ ကတော့ လာမယ့် နွေကျရင် ဘာကာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းတော့မယ်လို့ သိရပါတယ်။ အပီလီကျူတာ က ချဲလ်ဆီးနဲ့ စာချုပ်ကုန်တော့မှာဖြစ်ပြီး သက်တမ်းတိုးဖို့ အစီအစဉ် မရှိပဲ စပိန်ပြန်ချင်နေတာပါ။

အာဆင်နယ် အသင်းက လက်စွမ်းပြနေတဲ့ အာရွန် ရမ်းစ်ဒေလ်းကတော့ အင်္ဂလန် လက်ရွေးစင် အတွက် ကစားပေးဖို့ ကြံ့ခိုင်မှု မပြည့်ဝဘူးလို့ ဆိုပါတယ်။ အင်္ဂလန် အသင်းက ဆွစ်ဇာလန် နဲ့ အိုင်ဗရီကိုစ့် တို့နဲ့ ကစားဖို့ ပြင်ဆင်ထားပါတယ်။

စပါး အသင်း က အန်တိုနီယို ကွန်တီကတော့ နာပိုလီ တိုက်စစ်မှူးဖြစ်တဲ့ ဗစ်တာ အိုဆင်ဟမ်း ကို အင်မတန် သဘောကျ နေပြီး လာမယ့် နွေမှာ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဒီရာသီ ပဲလေ့စ်မှာ အငှားကစားရင်း ခြေစွမ်းပြနေတဲ့ ချဲလ်ဆီး လူငယ် ကော်နာ ဂယ်လဟာ ကို ဂျူဗီ နဲ့ အင်တာမီလန် အသင်းတိုကတော့ အရင် မန်စီးတီးနဲ့ အပတ်တုန်းက သူတို့ ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်ခိုင်းတယ်လို့ သိရပါတယ်။ ချဲလ်ဆီး အသင်းကတော့ သူတို့ လူငယ် ကြယ်ပွင့် ကစားသမားကို ရောင်းချလိုခြင်း မရှိပါဘူး။