သွင်းဂိုးအများဆုံး လူကာကူ၊ ချဲလ်ဆီးကို ချီးကျူးသွားတဲ့ ဘိုရိုနည်းပြ၊ ကီပါ ဂျော်ဂျင်ဟိုတို့နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာတော့ ချဲလ်ဆီး ဟာ မစ်ဒယ်ဘရော့ အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး ဆီမီး ဖိုင်နယ် အဆင့်ကို တက်လှမ်း သွားခဲ့ ပါတယ်။ ချဲလ်ဆီး အတွက် ဂိုးတွေ ကိုတော့ လူကာကူ နဲ့ ဇီယက်ချ် တို့က ပထမပိုင်းမှာတင် သွင်းယူ ပေးခဲ့ကြတာပါ။
လူကာကူ ဟာ ချဲလ်ဆီး အသင်းအတွက် ပြိုင်ပွဲစုံ(၁၂)ဂိုးသွင်းယူထားပြီး အသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေခဲ့တာပါ။ ဒါ့အပြင် လူကာကူ ဟာ အသင်းရဲ့မိနစ်အလိုက် ဂိုးရမှု မှတ်တမ်းမှာလည်း အကောင်းဆုံး ဖြစ်နေခဲ့ပါတယ်။ လူကာကူ ဟာ (၁၈၇)မိနစ် ကစားပြီးတိုင်းမှာ (၁)ဂိုးရရှိနေတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ချဲလ်ဆီး အသင်းဟာ အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲကို နောက်ဆုံး(၆)နှစ်အတွင်း (၅)ကြိမ်မြောက် တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘိုရို နည်းပြ ခရစ်ဝိုက်ဒါကတော့ ချဲလ်ဆီးအသင်းကို ပွဲအပြီးမှာ များစွာ ချီးကျူးခဲ့ပြီး သူတို့ ယခင်တွေ့ခဲ့တဲ့ ယူနိုက်တက်၊ စပါးတို့နဲ့ ချဲလ်ဆီးအသင်းက မတူဘူးလို့ ဆိုခဲ့ပါတယ်။ ချဲလ်ဆီး က စိတ်ဓာတ်ခိုင်မာတဲ့ အစုအဖွဲ့ ဖြစ်ပြီး မယုံနိုင်စရာ ကောင်းတဲ့ မန်နေဂျာက ဦးဆောင်ထားတယ်လို့ ဝိုက်ဒါက ဆိုပါတယ်။
ချဲလ်ဆီးနည်းပြ သောမတ်စ် တူချယ်ကတော့ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ပရီးမီးယားလိဂ်နဲ့ ပြိုင်ပွဲ တော်တော်များများမှာ ထိပ်ဆုံးကနေ ပြေးနေတာ ၃ နှစ်လောက် ရှိနေပြီ ဖြစ်ပြီး သူတို့ လိုက်မှီအောင် ကြိုးစားရဦးမှာ ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။
ဘိုရိုနဲ့ ပွဲမှာ ကီပါနဲ့ ဂျော်ဂျင်ဟို မပါဝင်ခဲ့တာ က ” ကီပါ က နေမကောင်းဖြစ်နေပြီး ၊ ဂျော်ဂျီကိုတော့ ဒီအတိုင်း အနားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ နောက်ဆုံး ၆ပွဲဆက် မိနစ် ၉၀ အပြည့် ကစားခဲ့ရတာပါ ။ အီတလီ အတွက် အရေးပါတဲ့ ၂ပွဲလည်း ကစားပေးရပါဦးမယ်။ ” လို့ တူချယ် က ရှင်းလင်းခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ ဒီလထဲ ကစားမယ့် ချစ်ကြည်ရေး ခြေစမ်းပွဲ ၂ပွဲ အတွက် အပြီးသတ် ကစားသမား စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ ချဲလ်ဆီး မောင့်နဲ့ ဂျိမ်းစ် ကစားသမား၂ဦး ပါဝင် ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် စကတည်းက အခုအချိန် အထိ ချဲလ်ဆီး အတွက် ကောင်းကောင်း မကစားပေးနိုင်သေးဘဲ ရာနှုန်းပြည့် ကြံ့ခိုင်မှု မပြည့်သေးတဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ကို ရွေးချယ်ခဲ့တာအတွက် ချဲလ်ဆီး နည်းပြ တူချယ် ကတော့ ဘဝင်မကျ ဖြစ်နေပါတယ်။