ရီးရဲလ် ကို ဒီလောက် လွယ်လွယ် နိုင်မယ် မထင်ခဲ့ဘူးလို့ ပွဲပြီးစကားဆိုတဲ့ နည်းပြ ဇာဗီ
ဘာစီလိုနာ အသင်းနည်းပြ ဇာဗီ က ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ကစားခဲ့တဲ့ အယ်လ် ကလက်စီကို ပွဲကို ခက်ခဲတဲ့ ပွဲ တစ်ပွဲဖြစ်ဖို့ မျှော်လင့်ခဲ့တာလို့ ပြောလိုက်ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာ အသင်းဟာ ဘာနေဗျုးကွင်းမှာ (၄)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ဘာစီလိုနာ အတွက် ဂိုးတွေကို အူဘာမီယန်း က (၂)ဂိုး၊ဖာရန်တောရက်စ်နဲ့ အာယူဂျို က (၁)ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဇာဗီ ရဲ့လက်ထက်မှာ အကောင်းဆုံး ပုံစံရနေတဲ့ ဘာစီလိုနာ အသင်းဟာ ဒီပွဲမှာလည်း ဂိုးပြတ် အနိုင်ရခဲ့တာပါ။

ဇာဗီ က “ဒီထက်ပိုခက်ခဲတဲ့ ပွဲကို ကျွန်တော်တို့ မျှော်လင့်ထားခဲ့တာပါ။ဘာစီလိုနာ အတွက် ဒီနိုင်ပွဲက အဓိပ္ပါယ်ရှိလို့ ကျွန်တော်ပျော်ရွှင်ပါတယ်။ ဒါဟာ အနာဂတ်ရဲ့ဒိုင်းနမစ်ကိုပါ ပြောင်းလဲနိုင်ခဲ့တာပါ”
“ကျွန်တော်တို့ ဟာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီပွဲမှာ ကျွန်တော်တို့ ပိုကောင်းခဲ့တာကြောင့်လည်း ဂိုးတွေပိုပြီး သွင်းနိုင်ခဲ့တာပါ။ ကစားသမားတွေက သူတို့ကိုယ်သူတို့ ပျော်ရွှင်ကျေနပ်နေကြပြီး ကျွန်တော်တို့ ဟာ အဝတ်လဲခန်းထဲမှာ မိသားစုတွေလိုပါပဲ”
“အလွန်ဂုဏ်ယူတယ်။ အလွန်ပျော်ဖို့ ကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ဘာကာ ပြန်လာပါပြီ။ နည်းပြတစ်ဦးအနေနဲ့ ရော ပရိသတ်အနေနဲ့ပါ ကျွန်တော် ပျော်ရွှင်ပါတယ်။ ဘောလုံးဆုံးရှုံးခဲ့ရင်တော့ ကျွန်တော် တကယ် ဒေါသထွက်ပါတယ်။ နောက်ဆုံး အဆင့်မှာ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။
ဘာစီလိုနာ အသင်းဟာ လက်ရှိအချိန်မှာပြိုင်ပွဲစုံ(၁၂)ပွဲဆက် ရှုံးပွဲမရှိဘဲ လာလီဂါမှာလည်း အမှတ်ပေးဇယား အဆင့်(၃)နေရာအထိ ပြန်တက်နိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ကွာတားဖိုင်နယ် အထိ တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီး ဧပြီလ(၃)ရက်မှာတော့ ဆီဗီလာ အသင်းနဲ့ လာလီဂါ ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။