မန်ယူအသင်းအတွက် နည်းပြ ရန်းနစ်ရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာတဲ့ ကွင်းလယ်ခံစစ် တိုဘီ ကော်လ်ယာ

မန်ချက်စတာ ယူနိုက်တက် ဟာ ဘရိုက်တန် အသင်းမှ လူငယ် ကွင်းလယ်ခံစစ် ကစားသမားလေး တိုဘီ ကော်လ်ယာ ကို ၃ နှစ်စာချုပ် နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တိုဘီဟာ ယာယီ နည်းပြ ရပ်ဖ်ရန်းနစ် လက်အောက်မှာ ပထမဆုံး ခေါ်ယူမှု ဖြစ်လာစေခဲ့ပြီး နောက်ဆုံးလည်း ဖြစ်သွားနိုင်ပါတယ်။ အသက် ၁၈ နှစ်ထဲကို ဝင်ရောက် နေပြီ ဖြစ်တဲ့ ကော်လ်ယာ ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက မန်ယူအသင်း နဲ့ ပုဂ္ဂိုလ်ရေးအရ အရင် သဘောတူညီမှု ရယူထားခဲ့တာ ဖြစ်ပြီး ဒီပိတ်ရက်မှ အပြီးသတ် စာချုပ်ခဲ့တာ ဖြစ်ပါတယ်။

ကော်လ်ယာ ကတော့ အသက် ၁၅ နှစ် ပြည့်ပြီးလို့ သိပ်မကြာခင် မှာပဲ ဘရိုက်တန် ယူ-၁၈ အသင်းမှာ သွားရောက် ကစားခွင့်ရခဲ့သူပါ။

“ယူ-၁၅ သင်းသား ဖြစ်နေချိန် ကတည်းက ကျွန်တော်တို့ ယူ-၁၈ မှာ လာလေ့ကျင့် နေခဲ့တာပါ ။ ယူ-၁၆ ကို ရောက်လာတော့လည်း ကျွန်တော်တို့ နဲ့ လေ့ကျင့် တုန်းပါပဲ ။ သူက တကယ့် ထိပ်တန်း ကစားသမား ဖြစ်လာမယ့်သူပါ ။ နည်းပြတွေကို ပျော်ရွှင် ကျေနပ် စေမယ့်သူပါ ။ အများကြီး ပြုပြင်စရာ မလိုဘဲ ပွဲတိုင်းလိုလို ပုံစံကောင်း ပြနိုင်တဲ့ ကစားသမားမျိုးပါ” လို့ ဘရိုက်တန် ယူ-၁၈ နည်းပြဟောင်း ဘရတ် က ကော်လ်ယာ ရဲ့ အရည်အသွေးကို ပြောပြ သွားခဲ့ ပါတယ် ။

ကော်လ်ယာ ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဘရိုက်တန် ယူ-၁၈ အသင်းရဲ့ အဓိက ကစားသမား အဖြစ် ပါဝင် အစွမ်းပြခဲ့ ပါတယ် ။ ဒါကြေင့် အသက် ၁၇ နှစ် အရွယ် မှာပဲ စီနီယာ အသင်းကြီး နဲ့ အတွေ့ အကြုံ ရယူဖို့ အတွက် တော့တင်ဟမ် ဟော့စပါး နဲ့ ကစားခဲ့တဲ့ ပွဲစဉ် မှာ ခေါ်ယူ ခံခဲ့ရပါတယ် ။

ဒါတင် မကပါဘူး ၊ ကော်လ်ယာ ဟာ အင်္ဂလန် ယူ-၁၆ နဲ့ ယူ-၁၇ အသင်းတွေမှာ အသင်းခေါင်းဆောင် အဖြစ် နဲ့ ကစားနေပြီး သူ့ရဲ့ ခေါင်းဆောင် နိုင်မှု စွမ်းရည် နဲ့ စံပြုထိုက်တဲ့ အရည်အသွေးတွေဟာ သက်တမ်း အလိုက် နည်းပြတွေ အကြားမှာ ကောင်းချီးစကားတွေ ဝေစေခဲ့ ပါတယ် ။

ဒီရာသီမှာတော့ အသင်းနဲ့ စာချုပ် သက်တမ်း မတိုးတော့ဘူးလို့ ထုတ်ဖော် ပြောပြ အပြီးမှာတော့ ကော်လ်ယာ ရဲ့ ပွဲကစားချိန်တွေဟာ လျော့နည်း လာခဲ့ ပါတယ် ။

ဘရိုက်တန် လူငယ် အသင်းအတွက် ဒီရာသီမှာ တပွဲသာ ကစားခွင့် ရခဲ့တဲ့ ကော်လ်ယာ ကို ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေက စောင့်ကြည့် လာခဲ့ပါတယ် ။ အဲ့ဒိ အထဲမှာ မန်ချက်စတာ ယူနိုက်တက် လည်း အပါအဝင် ပါပဲ ။

ယူနိုက်တက် ဟာ ယူ-၁၈ လိဂ်ပြိုင်ပွဲကို ကင်းထောက်တွေ စေလွှတ်ပြီး ကော်လ်ယာ ရဲ့ ခြေစွမ်းကို အကဲခတ် နေခဲ့တာ ကြာခဲ့ပါပြီ ။ ဘရိုက်တန် ကနေ ထွက်ဖို့ ဖြစ်လာ အပြီးမှာတော့ အသင်းကို လာရောက်ပြီး အစမ်း ကစားဖို့ ဖိတ်ခေါ်ခဲ့ ပါတယ် ။

ချဲလ်ဆီး ကလည်း ကော်လ်ယာ ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ ပေမယ့် အသင်းပိုင်ရှင် ရိုမန် နဲ့ အတူ ဆန်ရှင် ချမှတ် ခံရအပြီး မှာတော့ ကစားသမားသစ် ခေါ်ယူဖို့ မဖြစ်နိုင်တော့ဘဲ ဖြစ်ခဲ့ရပါတယ်

ဒါကြောင့် နောက်ဆုံးမှာတော့ ယူနိုက်တက် တို့ အချိန်ယူ စောင့်ကြည့် ခဲ့တဲ့ ပစ်မှတ် တခုကို အိုးထရက်ဖိုဒ့် ဆီ အရောက် ခေါ်ဆောင် နိုင်ခဲ့ ပါတယ်။