မန်ချက်စတာ ယူနိုက်တက်ကို အသက်သွင်းနိုင်မယ့် သူ လို့ ဘုတ်အဖွဲ့ ယုံကြည်စွာ နည်းပြခန့်ချင်သူ ပေါ်လာ

မန်ချက်စတာ ယူနိုက်တက် အသင်း ဘုတ်အဖွဲ့ဟာ နည်းပြသစ်ဖြစ်လာနိုင်သူတွေအားလုံးကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီးနောက် အေဂျက်နည်းပြ အဲရစ် တန် ဟက်ဂ်ဟာ အသင်းရဲ့ကံကြမ္မာကို ပြန်လည် အသက်သွင်းပေးနိုင်မယ့် နည်းပြဖြစ်တယ်လို့ ယုံကြည်လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယာယီနည်းပြ ရန်းနစ်ခ်ရဲ့နေရာမှာ နည်းပြသစ်အဖြစ် နေရာဆက်ခံမယ့်သူကို ရှာဖွေမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး ရာသီကလည်း သိပ်မကြာခင်ကုန်ဆုံးတော့မှာကြောင့် နည်းပြသစ် ဖြစ်လာနိုင်သူတွေနဲ့ပတ်သက်ပြီး အသေးစိတ်ကြည့်ရှုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တန်ဟက်ဂ်ဟာ နည်းပြသစ်ဖြစ်လာနိုင်တဲ့သူတွေထဲမှာ ရှေ့ဆုံးကနေ ပြေးနေခဲ့တာ ကြာပြီဖြစ်တဲ့ နည်းပြတွေထဲက တစ်ဦးဖြစ်ပြီး ပိုချက်တီနိုဆီကနေ သိသာထင်ရှားတဲ့ ယှဉ်ပြိုင်မှုကိုကို ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း The Sun ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဘုတ်အဖွဲ့က တန်ဟက်ဂ်ဟာ အသင်းကို အင်္ဂလိပ်နဲ့ ဥရောပဘောလုံးလောကမှာ တဖန်ပြန်လည် အားကောင်းလာစေဖို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

အသင်းဘုတ်အဖွဲ့ဟာ အသက် ၅၂ နှစ်အရွယ်နည်းပြရဲ့ ကစားဟန်ကို တော်တော်လေး နှစ်သက်ခဲ့တာဖြစ်ပြီး အေဂျက်နည်းပြဟာ အသင်းနဲ့ သတင်းထွက်နေတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ဆွဲဆောင်နိုင်သလို အသင်းကထွက်မယ့် ကြယ်ပွင့်ကစားသမားတွေကိုလည်း ထိန်းသိမ်းနိုင်စေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ အေဂျက်အသင်းနဲ့ တန်ဟက်ဂ်ရဲ့ စာချုပ်ကို ဖယ်ရှားပစ်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တော့မှာဖြစ်ပြီး အဲဒါကလည်း ပြဿနာဖြစ်လာမှာမဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။