ဒိုလေး ထိပ်ဆုံးက ရှိပြီး မန်ယူကစားသမားတွေ လွှမ်းမိုးထားတဲ့ ပရီးမီးယားလိဂ်ရဲ့ လုပ်ခ အမြင့်ဆုံးများ

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားစာရင်းထဲ မန်ယူအသင်း တိုက်စစ်မှူး ရော်နယ်ဒိုက ထိပ်ဆုံးမှာ ရပ်တည်နေသလို အခြားအသင်းဖော် အချို့လည်း လုပ်ခအမြင့်ဆုံးအဖြစ် အပြိုင်အဆိုင် ရပ်တည်နေကြပါတယ်။

နာမည်ကျော် L’Equipe သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမား အဖြစ် မန်ယူအသင်းတိုက်စစ်မှူးက တစ်နှစ်လုပ်ခ ပေါင် ၂၆.၄ သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

မန်စီးတီး အသင်းကွင်းလယ်ကစားသမား ဒီဘရိုင်းက ပေါင် ၂၀.၄ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံး ၅ ဦး စာရင်းထဲ ဒီဂီယာ၊ ဆန်ချို၊ ဗာရန်း စတဲ့ မန်ယူအသင်း ကစားသမား ၃ ဦးက အစဉ်လိုက် ရပ်တည်နေကြတာ တွေ့ရပါတယ်။

ဒါ့ကြောင့် မန်ယူအသင်းရဲ့ ကစားသမား ၄ ဦးဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမား ၅ ဦးစာရင်းထဲ အသီးသီး ဝင်ရောက်နေကြတာဖြစ်နေပေမယ့် လက်ရှိရာသီ အသင်းရဲ့ ကျဆင်းနေတဲ့ ကွင်းတွင်းပိုင်း စွမ်းဆောင်ရည်တွေကြောင့် အဆိုပါ လုပ်ခနှုန်းထားတွေက လာမယ့်ရာသီမှာ အနည်းငယ် လျော့ကျလာနိုင်ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ မန်ယူအသင်းဟာ စတုတ္ထမြောက် တန်ဖိုးအရှိဆုံး အသင်းအဖြစ် ရပ်တည်နေပြီး ခန့်မှန်းတန်ကြေး ပေါင် ၂.၉ ဘီလီယံအထိ တန်ကြေးရှိနေတာကြောင့် အကယ်၍ ယခုလို ဆုဖလား အောင်မြင်တွေနဲ့ ဝေးကွာမနေဘူးဆိုပါက ပြီးခဲ့တဲ့ နှစ်တွေတုန်းကလို တန်ကြေးအရှိဆုံး အသင်းအဖြစ် ရပ်တည်ခွင့် ရနေဦးမှာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ လက်ရှိ အသင်းကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် တစ်နှစ်လုပ်ခ ပေါင် ၃၈၈ သန်းအထိ ပေးချေနေရတဲ့ အသင်းဖြစ်နေတာကြောင့် အခြားပြိုင်ဘက်အသင်းတွေထက် လုပ်ခ ပိုမို အသုံးပြုနေရတဲ့ အနေအထားမှာ ရှိနေပါတယ်။

မနချက်စတာ ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ် ဖာဂူဆန် လက်ထက် နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ် ဆုဖလားနဲ့ အကြိမ်ကြိမ် ဝေးကွာနေကာ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရုန်းကန်နေရတဲ့ အသင်းလည်း ဖြစ်ပါတယ်။