ဒီကလန်ရိုက်စ် စံချိန်တင်ကြေး၊ ဆာကာ လီဗာပူး၊ လူကာကူကို ပြန်ခွင့်ပြုရန်နဲ့ နံနက်ခင်းသတင်းများ

ဝက်စ်ဟမ်းက သူတို့ ကလပ်က ကစားသမားဖြစ်တဲ့ ဒီကလန်ရိုက်စ် အတွက် ပေါင် သန်း ၁၅၀ လို့ ဈေး သတ်မှတ် လိုက်ပါတယ်။ ရိုက်စ် ကို မန်ယူ နဲ့ ချဲလ်ဆီးက စိတ်ဝင်စားနေတာပါ။

လိဒ်စ်တိုက်စစ်မှူးဟောင်း ဝီလန်းက တိုက်စစ်မှုး လူကာကူ အင်တာမီလန်ကို ပြန်သွားချင်တယ်ဆိုရင် ချဲလ်ဆီး အနေနဲ့ သူ့ကို ထွက်ခွာခွင့်ပြုလိုက်သင့်ကြောင်း၊ ချဲလ်ဆီးအနေနဲ့ လာမဲ့နွေရာသီမှာ လူကာကူအတွက် ဝယ်လက် ရှာနိုင်ကြောင်း ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ဟာ ကြေးကြီးပေးခေါ်ထားရတဲ့ နောက်ခံလူ မက်ဂွဲရားကို ရောင်းချဖို့ ပြင်ဆင်နေပြီ လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန်ယူအနေနဲ့ မက်ဂွဲရားရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်နေပြီး အပြောင်းအရွှေ့ ဘတ်ဂျက် ရအောင် ရောင်းထုတ်မဲ့အထဲ မက်ဂွဲရားလည်း ပါဝင်နေကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီကျူတာက ဘာစီလိုနာနဲ့ ထွက်ပေါ်နေတဲ့သတင်းတွေကို ပြောဆိုဖို့ ငြင်းဆန်ခဲ့ပြီး လက်ရှိ အချိန်ဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြောဆိုရမဲ့အချိန် မဟုတ်ကြောင်း၊ ကပ်ဘေးကာလမှာတုန်းက သူတို့အနေနဲ့ တစ်ရက်ချင်း ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာသင်ယူခဲ့ရကြောင်း၊ သူ့အနေနဲ့ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတာ ကျေနပ်မှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ ယူကရိန်းလက်ရွေးစင် ယာမိုလန်ကိုက သူ့အနေနဲ့ စစ်ပွဲကြောင့် ဘောလုံးအပေါ် အပြည့်အ၀ အာရုံစိုက်နိုင်ခြင်း မရှိဖြစ်နေကြောင်း၊ စစ်ပွဲစဖြစ်တဲ့ ပထမဆုံး ရက်သတ္တပတ်မှာဆိုရင် သူ့အနေနဲ့အိပ်လို့တောင် မပျော်ခဲ့ဘဲ ကောင်းကောင်းလည်း မစားနိုင်ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

လီဗာပူး နောက်ခံလူဟောင်း အင်းနရစ်က သူ့အသင်းဟောင်း လီဗာပူးအနေနဲ့ အာဆင်နယ်ကြယ်ပွင့် ဆာကာကို သေချာပေါက် ခေါ်ယူနိုင်မယ်လို့ ယုံကြည်ကြောင်းဆိုလိုက်ပြီး ဆာကာဟာ လီဗာပူး လိုအပ်နေတဲ့ ကစားသမားပဲ လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ရုရှားအနေနဲ့လက်ရှိမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အဘန်းခံထားရပေမဲ့ ယူရို ၂၀၂၈ ဒါမှမဟုတ် ယူရို ၂၀၃၂ ပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားမှုရှိနေကြောင်း ရုရှားဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာ ရုရှားက ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ကြောင့် ရုရှားကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပိတ်ပင်ထားခဲ့သလို ရုရှားကလပ်တွေကိုလည်း ဥရောပပြိုင်ပွဲကနေ ပိတ်ပင်ခဲ့တာပါ။

နာမည်ကျော် ပြင်သစ်ဂျာနယ်လစ် ရီယိုလိုက ပီအက်စ်ဂျီနောက်ခံလူ ဟာကီမီအနေနဲ့လာမဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ဖို့ ကြိုးပမ်းမယ် လို့ ဖော်ထုတ်လိုက်ပါတယ်။ တောင်အမေရိက ကစားသမားတွေဟာ ဟာကီမီကို စကားပြောဆိုကြခြင်း မရှိကြောင်း၊ ဟာကီမီအနေနဲ့ ပီအက်စ်ဂျီမှာ မပျော်မရွှင်ခံစားနေရကြောင်း ဖွင့်ဟခဲ့ပါတယ်။