ကမ္ဘာ့ဖလားနဲ့ ဝေးသွားတဲ့ နာမည်ကြီး အီတလီ၊ လီဝန်ခေါ်ချင်တဲ့ ဘာစီလိုနာ၊ ဝှိုက်နဲ့ နံနက်ခင်း သတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-off ဆီမီး ဖိုင်နယ် အဆင့်မှာတော့ ယူရို ချန်ပီယံ အီတလီ ဟာ မြောက် မက်ဆီဒိုးနီးယား အသင်းကို ရှုံးနိမ့်သွားခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယား ဟာ ၉၀+၂ မိနစ်မှာ အနိုင်ဂိုး သွင်းသွားခဲ့တာ ဖြစ်ပြီး အီတလီ အတွက်တော့ ကမ္ဘာ့ဖလား ၂ ကြိမ် ဆက်တိုက် လွဲချော်မှု နဲ့ ရင်ဆိုင် ခဲ့ရပြီ ဖြစ်ပါတယ်။

ပေါ်တူဂီ ကတော့ တူရကီ အသင်းကို ၃-၁ နဲ့ အနိုင် ကစားပြီး Play-off Final မှာ မြောက်မက်ဆီဒိုးနီးယား နဲ့ ရင်ဆိုင်ဖို့ တက်လှမ်း သွားခဲ့ပါတယ်။

နည်းပြသစ် နေရာအတွက် မန်ချက်စတာ ယူနိုက်တက် ရွေးရခက် နေတဲ့ အဲရစ် တန်ဟတ် နဲ့ ပိုချက်တီနို တို့ကို ကမ်းလှမ်းဖို့ စိတ်ကူး နေတဲ့ အခြား အသင်းတွေ ရှိနေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူးလေး ဘူကာယို ဆာကာ ဟာ ကိုဗစ် ကူးစက်ခံ ထားရမှုကြောင့် အင်္ဂလန် အသင်းရဲ့ လူစာရင်း ကနေ နှုတ်ထွက် သွားခဲ့တယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာအနေနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ၄ နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်လျက်ရှိနေကြောင်း သိရပါတယ်။ လီဝန်ဒေါစကီးအနေနဲ့ ရာသီကုန်မှာ ဘိုင်ယန်ကနေထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး သူ့ကို ဥရောပထိပ်သီးအသင်းများစွာက စိတ်ဝင်စားနေကြတာပါ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ အသင်းနဲ့ ၅ နှစ်စာချုပ်သက်တမ်း တိုးမြင့်သွားဖွယ်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိအချိန်မှာ မန်ယူနဲ့ဖာနန်ဒက်စ်ရဲ့အေးဂျင့်တို့အကြား ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်က ရာသီအစက အထိုင်မကျခင်မှာ ဝေဖန်မှုတွေက သူ့အတွက် ်တွန်းအား ဖြစ်ခဲ့ကြောင်း၊ သူ့ကစားသမားဘဝဟာ ဝေဖန်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတာဖြစ်ကြောင်း၊ ရာသီအစပိုင်းဟာ သူ့အတွက် အမှန်တကယ် ရုန်းကန်ခဲ့ရကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးပရိသတ်တွေအနေနဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို လက်မှတ် ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး ချဲလ်ဆီးနဲ့ အစိုးရတို့အကြား ၂ ပတ်ကြာညှိနှိုင်းမှု ပြုလုပ်အပြီးမှာ အခုလိုဖြေလျှော့မှုတွေ လုပ်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့ ချဲလ်ဆီးအနေနဲ့ အိမ်ကွင်း လက်မှတ်ရောင်းချခွင့်တော့ ပိတ်ပင်ခံထားရဆဲ ဖြစ်ပါတယ်။