မန်ယူနဲ့ အာဆင်နယ်တို့ အပြိုင် စိတ်ဝင်စားလာကြတဲ့ မော်ရင်ဟိုလက်ထဲက ချဲလ်ဆီးတိုက်စစ်မှုး
မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတွေဟာ လာမယ့် နွေရာသီမှာ တမ်မီ အေဘရာဟမ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
ချဲလ်ဆီး ကနေ အီတလီ ကလပ် ရိုးမား အသင်းကို အငှား သွားရောက် ကစားနေတဲ့ အင်္ဂလန် တိုက်စစ်မှူးလေး တမ်မီ အေဘရာဟမ် ဟာ နည်းပြ မော်ရင်ဟို လက်အောက်မှာ ပွဲ ၄၀ ကစားပေးပြီး ၂၃ ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့ ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဟာ မေဆင် ဂရင်းဝုဒ် ကို လာမယ့် ရာသီ အထိ အသုံးပြုလို့ ရနိုင်ဖွယ် မရှိသလို မားကပ် ရက်ဖိုဒ့် ရဲ့ အနာဂါတ် မသေချာမှုတွေ ကြောင့် အေဘရာဟမ် ကို ထည့်သွင်း စဉ်းစားလာတာပါ။

အာဆင်နယ် ကတော့ ပြီးခဲ့တဲ့ နွေရာသီ တုန်းက အေဘရာဟမ် ရိုးမား ကို မပြောင်းရွှေ့ သွားခင်က ချိတ်ဆက်မှု ပြုလုပ်ခဲ့ဖူးပါတယ်။
လက်ရှိမှာ အာဆင်နယ် ဟာလည်း တိုက်စစ်မှူး အူဘာမီးယန်း ကို လက်လွှတ် ထားတာကြောင့် အစားထိုး ခေါ်ယူဖို့ ပြင်ဆင် နေတဲ့ အသင်း ဖြစ်ပါတယ်။
အာဆင်နယ် တိုက်စစ်မှူးဟောင်း အီယန်ရိုက် ကတော့ တမ်မီ အေဘရာဟမ် ရဲ့ ရိုးမား အသင်းက ခြေစွမ်းတွေကို Podcast အစီအစဉ် မှာ ထည့်သွင်း ချီးကျုးသွားခဲ့ပြီး ရိုးမား ကို ရွေးချယ် ခဲ့တာဟာ အလွန် မှန်ကန် ခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
“တမ်မီ အေဘရာဟမ် က အခု ရောမ ရဲ့ ဘုရင်တပါး ဖြစ်နေပါပြီ။ မော်ရင်ဟို သူ့ကို ခေါ်ပြီး အသစ် တဖန် ပြန်လည် မွေးဖွား ပေးမှာကို ကျွန်တော်တို့ တွေ ကြိုမမြင် နိုင်ခဲ့ကြပါဘူး။
ကျွန်တော် မော်ရင်ဟို ကို ကြိုက်တာ ဒါတွေ ပါပါတယ်။ သူ့ကိုယ်သူ နဲ့ ကစားသမား အပေါ် အပြည့်အ၀ ယုံကြည်မှု ရှိတယ်၊ အေဘရာဟမ် ကို အရခေါ်ပြီး အဓိက ကစားသမား ဖြစ်လာအောင် ဝန်းရံ ပေးခဲ့ပါတယ်” လို့ အီယန်ရိုက် က ချီးကျုးသွားခဲ့ပါတယ်။