အသိအမှတ်ပြုရလောက်အောင် တကိုယ်ကောင်းဆန်သူလို့ ဆာလာကို ဆောင်းနက် ချီးကျူး
ဂရေမီ ဆောင်းနက်စ်ဟာ မိုဟာမက် ဆာလာကို သူမြင်ဖူးသမျှထဲ တစ်ကိုယ်ကောင်း အဆန်ဆုံး ကစားသမားအဖြစ် ညွှန်းဆိုခဲ့သလို လီဗာပူးကြယ်ပွင့်က သွင်းဂိုးတွေအတွက် လောဘကြီးတယ်လို့လည်း နာမည်တပ်ခဲ့ပါတယ်။
ဆာလာဟာ ၂၀၁၇ မှာ လီဗာပူးထံ ရောက်လာပြီးကတည်းက ဥရောပဘောလုံးလောကမှာ အဖြစ်ထွန်းဆုံး တိုက်စစ်မှူးတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပြီး မာဆေးဆိုဒ်ကလပ်အတွက် ၂၁၄ ပွဲမှာ ၁၃၇ ဂိုး သွင်းယူပေးခဲ့တာပါ။ အဲ့ဒီ့ထဲက ၁၂ ဂိုးဟာ ဒီရာသီအစမှာ ရရှိခဲ့တာဖြစ်ပါတယ်။
ယာဂင်ကလော့ပ်က ဆာလာကို “ကမ္ဘာ့အကောင်းဆုံး ကစားသမား” လို့ ချီးကျူးမှုခဲ့သလို လီဗာပူးမန်နေဂျာဟောင်း ဆောင်းနက်ကလည်း ပြိုင်ဘက်ဧရိယာထဲမှာ ဆာလာရဲ့ တစ်ကိုယ်ကောင်းဆန်မှုကပဲ သူ့ကို သူများတွေနဲ့ ကွဲထွက်စေတဲ့ အရည်အချင်းကောင်း ဖြစ်တယ်လို့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြလာတာ ဖြစ်ပါတယ်။

“ မိုဆာလာက ဒီရာသီမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားပဲဆိုတဲ့ ယာဂင်ကလော့ပ်ရဲ့ အမြင်ကို ကျွန်တော် သဘောတူပါတယ်။ ကျွန်တော် မြင်ရသလောက် သူက လောကဘကြီးတဲ့ ကစားသမားတစ်ယောက်ပါ။ ထိပ်တန်းကစားသမားတွေ အားလုံး အဲ့လိုစိတ်မျိုးရှိကြပေမယ့် ဆာလာကတော့ အတော်လေးကို တကိုယ်ကောင်းဆန်ပါတယ်။
တစ်ကိုယ်တော် ပစ်မှတ်တွေက သူ့အတွက် အရေးကြီးတယ်။ ဖြစ်နိုင်တဲ့ ထောင့်တိုင်းကနေ သူချည်းပဲ ကန်နေတာက အသင်းဖော်တွေကို တခါတလေ စိတ်ပျက်စေတယ်။ အထူးသဖြင့် တိုက်စစ်တွဲဖက် မာနေးကိုပေါ့။ တခြားကစားသမားတွေကတော့ ဆာလာကို လက်ခံကြပါတယ်။ ဘာလို့လည်းဆို သူက အရမ်းကောင်းတာကိုး။
ဘေးက အသင်းဖော်တွေကို ဘောလုံးပြန်မပေးဘဲ သူ ဂိုးသွင်းတာ ဒါမှမဟုတ် ဂိုးသမားတွေကို ခြိမ်းခြောက်တာမျိုး လုပ်လေ့ရှိပါတယ်။ အဲ့တော့ သူ့ဘောလုံးက ဂိုးမဝင်ရင်တောင် အနောက်က တိုက်စစ်လိုက်လာတဲ့ အသင်းဖော်အတွက် အနီးကပ် ပိတ်သွင်းယူတာမျိုး လုပ်နိုင်တယ်။ အဲ့တာကြောင့် ဆာလာရဲ့ တကိုယ်ကောင်းဆန်မှုကို ဝေဖန်ဖို့က ခက်ခဲပါတယ်။