မန်ယူ၊ စပါး၊ အာဆင်နယ်တို့ထဲက ဘယ်အသင်း အဆင့် ၄ ယူသွားမလဲ ကော်လီမိုး ဟောကိန်းထုတ်
ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် လီဗာပူး နဲ့ မန်စီးတီး တို့က အပြိုင်ဖြစ်နေကြပြီး အဆင့် ၃ နေရာမှာတော့ ချဲလ်ဆီး က ရပ်တည်နေပါတယ်။ အဆင့် ၄ နေရာ အတွက် အပြိုင် ဖြစ်နေကြတဲ့ အသင်းကတော့ အများအပြားရှိနေပြီး လက်ရှိမှာ အာဆင်နယ် အသင်းဟာ ပွဲကျန် ၂ ပွဲ နဲ့ အဆင့်လေး နေရာမှာ ရပ်တည်နေပါတယ်။
အာဆင်နယ် နဲ့ အဆင့် ၅ နေရာက စပါး ၊ အဆင့် ၆ က မန်ယူနိုက်တက် ၊ အဆင့် ၇ က ဝက်စ်ဟမ်း နဲ့ အဆင့် ၈ က ဝုလ်ဗာဟမ်တန် တို့ကြားမှာ ရလဒ် ကွာဟမှု ကျဉ်းမြောင်းတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာစာ က စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
လီဗာပူး ကစားသမားဟောင်း စတန် ကော်လီမိုး ကတော့ ရာသီကုန်မှာ မန်ယူနိုက်တက် (သို့မဟုတ်) စပါး အသင်းဟာ အာဆင်နယ် အသင်းကို ကျော်ဖြတ်ပြီး အဆင့် ၄ နေရာ ရယူ သွားလိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ်။

” အာဆင်နယ် က အခု နေရာကောင်းမှာ ရှိနေပါတယ် ၊ သူတို့ရဲ့ လူငယ်လေးတွေကလည်း တကယ့်ကို ချီးကျူးမှု နဲ့ ထိုက်တန် ပါတယ် ၊ သူတို့ ကစားပုံကလည်း အရည်အသွေး မြင့်မားပါတယ် ၊ အထူးသဖြင့် တိုက်စစ် သွားဟန် တိုက်စစ် ကစားပုံပေါ့ဗျာ ။ ”
” ဒါပေမယ့် အာဆင်နယ် က အကောင်းဆုံး အသင်းတွေနဲ့ တွေ့ရင် ညံ့သွားတတ်ပါတယ် ၊ နောက်ပြီး အသင်းကောင်းတွေနဲ့လည်း ကစားရဖို့ ကျန်နေပါသေးတယ် ၊ ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ပွဲရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ တော့တင်ဟမ် မန်ယူနိုက်တက် တို့နဲ့ ကစားရဖို့ ရှိပါသေးတယ် ။ ”
” အားလုံးက သတင်း ခေါင်းစဉ်တွေမှာ အာဆင်နယ် ကို ဝိုင်းပြီး ချီးကျူးနေကြတာကို တခြားအသင်းတွေက အတော်လေးပျော်နေမှာ အမှန်ပါပဲ ။ ရာသီကုန်ခါနီးမှာ မန်ယူနိုက်တက်(သို့) စပါးက အာဆင်နယ် ကို ကျော်ဖြတ် သွားလိမ့်မယ်လို့ ထင်ပါတယ် ။ ”
” ကျွန်တော် ပြောတာ မှားယွင်းကြောင်း သူတို့ သက်သေပြနိုင်ရင် နောက်ကျောမှာ ‘Arteta 8’ လို့ ရိုက်နှိပ်ထားတဲ့ အာဆင်နယ် ဂျာစီ ကို ပျော်ပျော်ကြီး ဝတ်ဆင်ပြီး ဆိုရှယ် မီဒီယာပေါ် ပုံတင်ပေးသွားမှာပါ ၊ ဒါကြောင့် ဂန်းနားတို့ကို ကျနော်မှားကြောင်း သက်သေပြဖို့ တိုက်တွန်း ချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။