ဆာလာ က အာဖရိကသား ဖြစ်နေလို့ မျက်နှာငယ်နေရတာလို့ ဝင်လှော်လိုက်တဲ့ ဒီအော့ဖ်
မိုဟာမက် ဆာလာရဲ့ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်နေရတဲ့ အကြောင်းအရင်းဟာ ကစားသမား က အာဖရိက ကစားသမားဖြစ်နေတာကြောင့်လို့ လီဗာပူးလ်ကစားသမားဟောင်းဒီအော့က ပြောဆို လိုက်ပါတယ်။
ဆာလာကတော့ လီဗာပူးလ်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး လက်ကျန်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် အီဂျစ်တိုက်စစ်မှူးက စာချုပ်သစ်မှာ သူ့အတွက် ခံစားခွင့်တွေကို ပိုမိုတောင်းဆိုထားပြီး လီဗာပူးလ်ဘက်က အဆိုပါပမာဏကို ပေးချေဖို့ ဆန္ဒမရှိဖြစ်နေကာ စာချုပ်သစ်က နှောင့်နှေးနေတာဖြစ်ပါတယ်။

ဒီအော့က ဆာလာကို လက်ရှိအသင်းမှာပဲ ဆက်နေဖို့အတွက် တိုက်တွန်းပြောကြားခဲ့ပြီး အောင်မြင်မှုတွေ ပို ရလိမ့်မယ် လို့ ဆိုခဲ့ပေမယ့် ဥရောပသားတွေလိုမျိုး ခံစားခွင့်တော့ ရမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။
” ဆာလာရဲ့ တောင်းဆိုမှုတွေကို လီဗာပူးလ်က လက်ခံပေးသင့်ပါတယ်၊ ကျနော်သာ ဆာလာဆိုရင် လီဗာပူးလ်မှာပဲ ဆက်နေမှာ၊ သူ ပိုက်ဆံပိုရနိုင်တယ်၊ သူက မာနေးနဲ့အတူ အသင်းရဲ့အကောင်းဆုံး ကစားသမားဖြစ်နေတာပါ၊ သူတို့နှစ်ဦး ဆုဖလားတွေအများကြီး အတူတူဆွတ်ခူးနိုင်ပါတယ်၊ သူ့အသက်က ၂၉ နှစ်ရှိနေပြီးတော့ နောက်ထပ် ၄ နှစ် လောက် လီဗာပူးလ်အတွက် ထပ်ကစားဖို့ ကျနော်ပြောဖူးပါတယ်”
” ရီးရဲလ်ကို သူ ပြောင်းရွှေ့မယ်ဆိုရင် အားလုံးကို အစကနေ ပြန်စရတော့မှာပါ၊ သူက အာဖရိက ကစားသမား ဖြစ်နေလို့ ဥရောပသားတွေလို ခံစားခွင့်တော့ သူ ရမှာမဟုတ်ပါဘူး၊ သူ့ကို ဥရောပသားတွေလို စာချုပ်မျိုး ကမ်းလှမ်းမှာ မဟုတ်ဘူး၊ ကျနော့်တုန်းကလည်း အဲဒီလိုဖြစ်ခဲ့တာပါ” လို့ ဒီအော့က ပြောဆိုသွားခဲ့ပါတယ်။
နောက်ဆုံး သတင်းတွေအရ ဆာလာက တပတ်လုပ်ခ ပေါင်လေးသိန်းအထိ တောင်းဆိုထားပြီး လီဗာပူးလ်ဘက်က ပေးချင်လိုခြင်း မရှိတာကြောင့် ညှိနှိုင်းနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။