လာကာ၊ တိုင်လီမန့်စ်၊ မာတင်နယ်လီ၊ ဆီဒရစ်တို့နဲ့ ယနေ့ညပိုင်း အာဆင်နယ် သတင်းများ

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ပရီးမီးယားလိဂ်ကလပ် လက်စတာကွင်းလယ်လူ တိုင်လီမန့်စ်က သူ့အနေနဲ့ ချန်ပီယံလိဂ် မှာ ပါဝင် ကစားလိုကြောင်း၊ သူ့အနေနဲ့ ဥရောပထိပ်သီးအသင်းတွေမှာ ကစားဖို့အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း၊ လာမဲ့နွေမှာ ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

အာဆင်နယ်လူငယ်တိုက်စစ်မူှး မာတင်နယ်လီကတော့ ဘရာဇီးလက်ရွေးစင် လေ့ကျင့်ရေးကွင်းမှာ စကေးတွေ ပြသနေပါတယ်။ ဘရာဇီး Twitter က တင်ထားတဲ့ ဗီဒီယိုထဲမှာ မာတင်နယ်လီဟာထောင့်ကျဉ်းထဲကို အဆုံးသတ်သေချာစွာနဲ့ နှစ်ဂိုးသွင်းခဲ့ပြီး သူ့ရဲ့နေရာယူပုံတွေကလည်း ကောင်းမွန်လွန်းတာ တွေ့ရပါတယ်။

အာဆင်နယ်တိုက်စစ်မှုး လာကာဇက်က ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အာရုံစိုက် နေကြောင်း၊ သူတို့အနေနဲ့ လာမဲ့ရာသီမှာ ချန်ပီယံလိဂ်ကစားလိုကြောင်း၊ လတ်တလော အခိုက်အတန့်မှာ သူတို့အနေနဲ့ အစွမ်းကုန် အပတ်တကုတ် ကြိုးပမ်းလျက်ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

သတင်းထောက် ချာလက်ဝက်စ်က အာဆင်နယ်နောက်ခံလူ ဆီဒရစ်ဟာ လန်ဒန်အသင်းမှာ ဆက်နေနိုင်ကြောင်း၊ သူ့မှာ ကောင်းမွန်တဲ့ စာချုပ်ရှိနေပြီး အာဆင်နယ်မှာလည်း ပျော်ရွှင်လျက်ရှိနေကြောင်း ဖော်ထုတ်လိုက်ပါတယ်။ ဆီဒရစ် အာဆင်နယ်မှာ ဆက်နေ၊ မနေဆိုတာ သူ့အပေါ်မှာသာ မူတည်ကြောင်းလည်း ၎င်းက ဆိုခဲ့ပါတယ်။

အေစီမီလန်နောက်ခံလူ တိုမိုရီက သူ့အနေနဲ့ ချဲလ်ဆီးအသင်းဖော်ဟောင်း အေဘရာဟမ်ချ်ကို အာဆင်နယ်ထက် ရိုးမားကို ပြောင်းရွှေ့ဖို့ စည်းရုံးခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ရိုးမားက သူ့ကိုများစွာ တိုးတက်စေလိမ့်မယ်လို့ ခံစားရကြောင်း၊ အေဘရာဟမ်ချ်ဟာ ရိုးမားအတွက် ဂိုးတွေအများကြီးသွင်းပြီး သူတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေကြောင်း ဆိုခဲ့ပါတယ်။

အဲဗာတန်နည်းပြ လမ်းပတ် က အာဆင်နယ်ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ တိုက်စစ်မှူး လီဝင်ကို ရောင်းချဖို့ ကြံရွယ်နေပြီ ဖြစ်ပါတယ်။ လမ်းပတ်ဟာ အသင်းရဲ့လူစာရင်းကိုပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး လီဝင်အတွက် ဈေးကောင်း ရရင် ရောင်းထုတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။