မက်ဆီက အကောင်းဆုံးသူပါ၊ ဒါပေမယ့် ဘာစီလိုနာက ပြန်မခေါ်ဘူးလို့ လာပေါ်တာ အသိပေး
ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဘဏ္ဍာရေးအခက်အခဲကြောင့် ပီအက်စ်ဂျီ အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့သွားတဲ့ မက်ဆီ ကို ပြန်လည်ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။
အသင်း ဥက္ကဌ လာပေါ်တာ က မက်ဆီ နဲ့ တိုက်ရိုက် အဆက်အသွယ်မရှိသလို ဘာစီလိုနာ အတွက်လည်း မက်ဆီ ကို ရွေးချယ်စရာအဖြစ် မမြင်ကြောင်း ပြောခဲ့တာပါ။
မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ အတူ ရုန်းကန်နေရတာကြောင့် နူးကမ့်ပ် ကို လာရောက်ဖို့ ချိတ်ဆက်မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။ လာပေါ်တာ ကတော့ ဒီသတင်းတွေကို ငြင်းဆန်ခဲ့တာပါ။

လာပေါ်တာ က “ဘာစီလိုနာ ကို ပြန်လာနိုင်ခြေနဲ့ ပတ်သက်ပြီး မက်ဆီ ဒါမှမဟုတ် သူ့ရဲ့အဖွဲ့တွေဆီကနေ ဘာစာကိုမှ မရခဲ့ပါဘူး။ဒီနေ့ အထိ ကျွန်တော်တို့ ဒါတွေကို ပြောမှာမဟုတ်ပါဘူး”
“ကျွန်တော်တို့ ဟာ မက်ဆီ နဲ့ ဆက်ဆံရေး ချောမွေ့မှုမရှိတော့ပါဘူး။ကျွန်တော်တို့ မက်ဆီ ပြန်လာနိုင်ဖို့နဲ့ ပတ်သက်ပြီး မစဉ်းစားထားပါဘူး။ ကျွန်တော်တို့ဟာ လူငယ်ကစားသမားတွေနဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ ရောနှော ပေါင်းစပ်ပြီး အသင်းသစ်ကို တည်ဆောက်နေတာပါ”
“ဒါပေမယ့် လီယို က လီယို ဖြစ်ပြီး သူက အမြဲတမ်း အကောင်းဆုံး သူပါ”လို့ ဆိုခဲ့ပါတယ်။
မက်ဆီ ဟာ ဘာစီလိုနာမှာလို ပီအက်စ်ဂျီ အသင်းမှာ လေးစားမှုမရတဲ့ အတွက် နူးကမ့်ပ် ကို လွမ်းဆွတ်နေတယ်လို့ သတင်းတွေထွက်ခဲ့တာပါ။
ဘာစီလိုနာ အသင်းဟာ မက်ဆီ ထွက်သွားပြီးနောက် ရုန်းကန်ခဲ့ရပေမယ့် နည်းပြ ဇာဗီလက်ထက်မှာ အကောင်းဆုံး ပုံစံ ရရှိနေတာလည်းဖြစ်ပါတယ်။