စီ ရော်နယ်ဒိုက ဒိုင်ဗင်သမားပဲလို့ အချင်းချင်း ဒဲ့ကစ်လိုက်တဲ့ ဝိန်း ရွန်းနီ
ချန်ပီယံရှစ်ကလပ် ဒါဘီမှာ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ရွန်းနီက မန်ချက်စတာ ယူနိုက်တက်မှာ အသင်းဖော် ဖြစ်ခဲ့ဖူးတဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ နောက်ပြောင်ရင်း ဒိုင်ဗင်သမားပဲ လို့ ပြောကြားလာခဲ့ပါတယ်။
ရွန်းနီနဲ့ ရော်နယ်ဒိုတို့အတွဲဟာ ရော်နယ်ဒိုရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမအကြိမ်မှာ အကြီးအကျယ် အောင်မြင်ခဲ့ကြသူတွေပါ။
လက်ရှိမှာ ရော်နယ်ဒိုက ယူနိုက်တက်ကို ပြန်ရောက်လာပြီး ကစားနေဆဲဆိုပေမယ့် ရွန်းနီကတော့ ကစားသမားဘဝက အနားယူကာ နည်းပြလောကထဲ ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ရွန်းနီက “ခရစ္စတီယာနို (ရော်နယ်ဒို) က အရမ်းလည်းကောင်းသလို တချိန်တည်းမှာပဲ တော်တော်လည်း စိတ်ဆိုး ဒေါသထွက်စရာကောင်းတယ်ဗျ။ သူ အခုတော့ အရင်လောက် မကောင်းတော့တာမျိုး ဖြစ်နိုင်ပေမယ့် စိတ်ဆိုးအောင် လုပ်တာတော့ အရင်တိုင်းပဲနေမှာ၊ ပြီးရင် ဒီကောင်က ဒိုင်ဗင်ထိုးရတာ ကြိုက်တယ်လေ” လို့ ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီနဲ့အင်္ဂလန်တို့ ထိပ်တိုက်တွေ့ခဲ့တဲ့ (၂၀၀၆) ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ရွန်းနီနဲ့ရော်နယ်ဒိုအကြား ပြဿနာတက်ပြီး ရွန်းနီက အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ ပေါ်တူဂီက ပင်နယ်တီအဆုံးအဖြတ်နဲ့ အင်္ဂလန်ကို အနိုင်ယူသွားခဲ့ပါတယ်။
အဲ့ဒီအချိန်က အဖြစ်အပျက်နဲ့ ပတ်သက်လို့လည်း ရွန်းနီက “ရော်နယ်ဒိုနဲ့ ကျနော့်အကြား ဘာပြဿနာမှ မရှိပါဘူး။ အဲ့ဒီပွဲအပြီး သူနဲ့ ဥမင်လှိုဏ်ခေါင်းထဲမှာ ‘မင်း ငါ့ကို အထုတ်ခံရအောင် လုပ်ခဲ့တဲ့အတွက် ဘာပြဿနာမှ မရှိပါဘူး’ လို့ ပြောခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်လည်း ပထမပိုင်းတပိုင်းလုံး သူ့ကို ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်ဆိုပြီး အဝါကတ်ထိအောင် ကြိုးစားနေခဲ့တာလေ”
“ကျနော်က အင်္ဂလန်သား၊ သူက ပေါ်တူဂီသား။ ကျနော်တို့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရင် ဘာကိုမှ ဂရုမစိုက်ပါဘူး။ အဲ့ဒီအချိန်မှာ သူနဲ့ ကျနော်က ဘော်ဒါတွေ မဟုတ်ပါဘူး။ ပွဲပြီးသွားရင်တော့ ဘော်ဒါတွေ ပြန်ဖြစ်သွားပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။
ရွန်းနီက နည်းပြလောကထဲ ဝင်ရောက်လာတာက ယူနိုက်တက်ကို နည်းပြနိုင်ဖို့အတွက် ဖြစ်တယ်လို့လည်း ပြောကြား ခဲ့ပါသေးတယ်။