ဥရောပမှာ မဝင်ဆန့်တော့လို့ အာရှဇုန်ဘက် ပြောင်းဖို့ စဉ်းစားနေတဲ့ ရုရှား ဘောလုံးအဖွဲ့ချုပ်
ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပနဲ့ ဘောလုံးလောကမှာ အဘက်ဘက်က ပိတ်ဆို့မှုတွေ ခံနေရတာကြောင့် ဥရောပဇုန်ကို စွန့်ခွာပြီး အာရှဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်းဖို့ စဉ်းစားနေပါတယ်။
ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ကြမ်းကြုတ်တဲ့ စစ်ပွဲ စတင်လိုက်တဲ့နောက် သူတို့ပြိုင်ပွဲတွေ ကနေ ရုရှားအသင်းတွေကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ရုရှား လက်ရွေးစင်အသင်းတင် မက ကလပ်အသင်းတွေဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါ ကွန်းဖရန့်စ်လိဂ်တွေ ကစားနိုင်တော့မှာ မဟုတ်ဘဲ စပါးတပ် မော်စကိုဟာလည်း ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါပေမယ့် ရုရှားဘောလုံးအဖွဲ့ဟာ UEFA ကနေ AFC ကို ပြောင်းရွှေ့ဖို့ စဉ်းစားနိုင်ကြောင်း ရုရှားသတင်းတွေက ဖော်ပြနေပြီး ဒီစိတ်ကူးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆွေးနွေးဖို့ နာမည်ကျော်တွေကို မေးမြန်းထားတယ်လို့ သိရပါတယ်။
ဒါသာ တကယ်ဖြစ်မြောက်ခဲ့ရင် ရုရှားဟာ ကမ္ဘာ့ဖလားအတွက် အာရှ ခြေစစ်ပွဲကို ပြောင်းရွှေ့ပြီး ယူရိုပြိုင်ပွဲ မဟုတ်ဘဲ အာရှဖလားမှာ ပြိုင်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။
ကလပ်တွေဟာလဲ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်အစား အာရှချန်ပီယံလိဂ်နဲ့ AFC ဖလားတို့မှာ ဝင်ရောက် ယှဉ်ပြိုင် ပါလိမ့်မယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့ကို တခြားသော အာရှ အဖွဲ့ချုပ်တွေကပါ သဘောတူညီမှု ရဖို့ လိုပါလိမ့်မယ်။
ဒါကြောင့် ရုရှား ဘောလုံးအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းမှု တကယ် အကောင်အထည် ဖော်ပြီး အာရှဘက် ရောက်လာနိုင်မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။