ချဲလ်ဆီးကို ရီးရဲလ်မက်ဒရစ်က ဒီတခါ ချန်ပီယံလိဂ်မှာ တကယ်ဖြုတ်ပြီ လို့ ရာအူးလ် ပြောဆို
ရီးရဲလ်မက်ဒရစ် ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး ရာအူးလ်က သူ့အသင်းဟောင်းဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ ရင်ဆိုင်ရမှာနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလိုပဲ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာပဲ ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။ ထိုစဉ် က ရီးရဲလ်မက်ဒရစ် အိမ်ကွင်းမှာ သရေကျခဲ့ပြီး ချဲလ်ဆီးက စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ကန်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိခဲ့ကာ ဗိုလ်လည်း စွဲခဲ့ပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ ချဲလ်ဆီးတို့ ကွာတားဖိုင်နယ် ကျော်နိုင်မှာ မဟုတ်တဲ့အကြောင်း ရာအူးလ်က အခုလိုပဲ ပြောကြား လာပါတယ်။

“ချဲလ်ဆီးကို ရီးရဲလ်မက်ဒရစ် က ဒီတခါ ဖြုတ်ချသွားမယ်ဆိုတာ ကျနော် ခုတည်းက မြင်နေပါတယ်။ ကျနော်တို့က လာလီဂါမှာ အဆင့်တစ်၊ ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ် ရောက်နေတဲ့ အသင်း တသင်းပါ။ ဒီရာသီရဲ့ အလှပဆုံး အခိုက်အတန့်တခု အတွက် ဒီအသင်းက အဆင်သင့်ဖြစ်နေပါပြီ။
အရာအားလုံးကို အဆုံးအဖြတ်ပေးရမယ့် အချိန်ရောက်ပါတော့မယ်။ ဒီအချိန်မှာ အားလုံး ပျော်ရွှင်ရပါလိမ့်မယ်” လို့ ရာအူးလ်က ပြောကြားသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ရှုံးထွက် အဆင့်မှာ ခက်ခဲတဲ့ပြိုင်ဘက် ပီအက်စ်ဂျီကို ဘန်ဇီမာရဲ့ ဟက်ထရစ် သွင်းဂိုးနဲ့အတူ အံ့အားသင့်ဖွယ် အနိုင်ရရှိကာ ကွာတားဖိုင်နယ်ကို ရောက်ရှိလာခဲ့တာပါ။ ချဲလ်ဆီးကလည်း ကွင်းပြင်ပ ပြဿနာတွေ ရှိနေသည့်တိုင် ကွင်းတွင်းမှာ ခြေစွမ်းပိုင်းကောင်းမွန်နေဆဲဖြစ်ပြီး ရီးရဲလ် ကို ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်း ရှိဆဲ ဖြစ်ပါတယ်။
လာမယ့်အပတ်မှာ ချဲလ်ဆီးနဲ့ ရီးရလ်မက်ဒရစ်တို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ရင်ဆိုင်မှာ ဖြစ်ပါတယ်။