နည်းပြတန်ဟတ် မန်ယူမှာ အောင်မြင်မှာလို့ ထောက်ခံလိုက်တဲ့ လီဗာပူး ကစားသမားဟောင်း

မန်ချက်စတာ ယူနိုက်တက်သာ အေဂျက်နည်းပြ အဲရစ် တန်ဟတ်ကို ခေါ်ယူနိုင်ခဲ့ရင် နည်းပြကောင်း တစ်ယောက်ကို ရမှာဖြစ်ပြီး အောင်မြင်မှာလို့ နယ်သာလန်နဲ့ လီဗာပူးကြယ်ပွင့်ဟောင်း ဒါကောက်က ထောက်ခံခဲ့ပါတယ်။

နယ်သာလန်သား တန်ဟတ်ဟာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့အတူ ဒီနွေရာသီမှာ ယာယီနည်းပြ ရာ့ဖ် ရန်နစ်ရဲ့ နေရာကို ဆက်ခံဖို့ နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။

ဒါကောက်ကတော့ “တန်ဟတ်က တကယ် တော်တာပါ၊ အတွေ့အကြုံရင့်တဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ လုပ်ပြခဲ့တာတွေကိုလည်း ကြည့်လိုက်ပါ ဘိုင်ယန်မြူးနစ် ဒုတိယအသင်း၊ ပြီးတော့ Ultrecht အခု အေဂျက်စ်။ သူ့ကိုယ်သူ ထိပ်တန်း နည်းပြ တစ်ယောက် ဖြစ်လာအောင် တိုးတက်လာအောင် ကြိုးစားခဲ့ပါတယ်။

သူ့ အဆင့်ရောက်နေတဲ့ တစ်ချို့နည်းပြတွေထဲမှာ အင်္ဂလိပ်စကားပြောတာ၊ ကင်မရာရှေ့မှာ မနေတတ်တာမျိုးတွေ ရှိကြပါတယ်။ ဒါပေမယ့် သူကနည်းပြတစ်ယောက်အနေနဲ့ အများကြီး တိုးတက်လာတာပါ။

ဥရောပအသင်းကြီးတွေမှာလည်း သူအကောင်းဆုံး လုပ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ်။ သူ့ရဲ့နည်းစနစ်တွေ၊ ဘောလုံး အတွေးအခေါ်တွေက အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ထိပ်တန်းအသင်း တစ်သင်းရဲ့ နည်းပြ ဖြစ်လာမယ် ဆိုရင်တော့ အရမ်းကို ကောင်းတဲ့ အခွင့်အရေးပါပဲ ” လို့ ပြောခဲ့ပါတယ်။

အေဂျက်စ်ဟာ တန်ဟတ် လက်ထက် ပြည်တွင်းအောင်မြင်မှု အများအပြား ရရှိထားပြီး ၂၀၁၉ တုန်းက ဆိုရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ ဒီလအစောပိုင်းက ပိုချက်တီနို၊ လူးဝစ်အင်းနရစ်နဲ့ ဂျုလန် လိုပက်တီဂူတို့ကိုလည်း အင်တာဗျူး ခဲ့ပါသေးတယ်။ တန်ဟတ်ကို လိုချင်နေတဲ့ အသင်းတွေထဲမှာ ချန်ပီယံလိဂ်ပုံမှန်ကန်ရတဲ့ အခြားဥရောပအသင်း ၂ သင်း လည်း ရှိနေသေးတယ်လို့လည်း သတင်းထွက်နေပါတယ်။