အီတလီ ပြန်ချင်နေတဲ့ လူကာကူ၊ ဆက်ကစားနေဦးမယ့် ဒိုလေး၊ ကန်ချက်ပြင်းတဲ့ ဂန်းနားနဲ့ နံနက်ခင်း သတင်းများ

ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဘောလုံး ဆက်ကစားဖို့ စိတ်ဆန္ဒ ပြင်းပြ နေဦးမှာ ဖြစ်ပြီး ၂၀၂၄ ယူရို ပြိုင်ပွဲ ကိုပင် ပါဝင် ကစားနိုင်ချေ ရှိသေးတယ်လို့ ပေါ်တူဂီ နောက်ခံလူ ဖွန်တေ က ခန့်မှန်း ပြောဆို သွားခဲ့ပါတယ်။

မိုဟာမက် ဆာလာအနေနဲ့ အီဂျစ်ရဲ့ ကမ္ဘာ့ဖလားဝင်ခွင့် ကျရှုံးမှု စိတ်ပျက်စရာတွေကို ကလပ်နဲ့အတူ အောင်မြင်မှုအဖြစ် ပြောင်းလဲပေးဖို့ လီဗာပူး နောက်ခံလူ ဗန်ဒိုက်က အားပေးထောက်ခံခဲ့ပါတယ်။

ဘာစီလိုနာ တာဝန်ရှိသူတွေ က ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့အေးဂျင့်နဲ့ ၃ နာရီကြာ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ရူဒီဂါ အပြင် ဘာစီလိုနာက အခြား ချဲလ်ဆီး နောက်ခံလူ ခရစ္စတန်ဆန်ကို ခေါ်ယူဖို့လည်း သဘောတူညီမှု ရပြီးပြီ သတင်းထွက်နေပါတယ်။

မန်စီးတီးဂန္ထဝင်တိုက်စစ်မူှး အဂူရိုကတော့ အနားယူပြီး ၃ လအကြာမှာပဲ ဘောလုံးနယ်ပယ်ထဲ ပြန်ခြေချလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။ သူ့ခေါင်းထဲမှာ ဘောလုံးပြန်ကစားနိုင်တယ်ဆိုတဲ့အတွေးဝင်မိကြောင်း၊ အင်တာမိုင်ယာမီက ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းဆန်ခဲ့ကြောင်း၊ လာမဲ့ ၂ နှစ်အတွင်းတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း အဂူရိုက ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လူငယ်တိုက်စစ်မှူးဂရင်းဝုဒ်ကို သူတို့ရဲ့လူစာရင်းထဲ ပြန်လည်ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ မန်ယူအနေနဲ့ ရက်ဖို့ဒ်ကို ရည်းစားဟောင်းရဲ့အမှုကိစ္စနဲ့ပတ်သက်ပြီး အသင်းကနေ ထုတ်ပယ် ထားတာဖြစ်ပြီး ခုတော့ မန်ယူဝက်ဆိုက်မှာ ဖော်ပြတဲ့ ကစားသမားတွေစာရင်းမှာ ဂရင်းဝုဒ် ပြန်ပါနေတာ တွေ့မြင်ရပါတယ်။

ဒဏ်ရာကနေ ပြန်လည် သက်သာ လာပြီး လေ့ကျင့်မှုတွေ စတင် ပြုလုပ် နေတဲ့ လီဗာပူး နောက်ခံလူ အလက်ဇန်းဒါး အာနိုးလ် ဟာ မန်စီးတီး နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲအမီ ကြံ့ခိုင်မှု အပြည့်အ၀ ရရှိလာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ကွင်းလယ်သမား ကိတ်တာကတော့ ပြန်ပါဝင်ဖို့ မသေချာသေးပါဘူး။

အာဆင်နယ်ဂိုးမားလီနိုက အသင်းဖော် ကွင်းလယ်လူ ချာကာရဲ့ အဝေးကန်ချက်တွေဟာ ဂိုးသမားတွေအတွက်တော့ အလွန်ခက်ခဲကြောင်း၊ သူ့ ကန်ချက်တွေက အလွန်အားပါပြင်းထန်ပြီး ခန့်မှန်းရခက်ခဲကာ ဖမ်းယူဖို့ မဖြစ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။

အက်စတွန်ဗီလာ နည်းပြ စတီဗင် ဂျရတ် ဟာ လိဒ်စ်ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် ကို ခေါ်ယူ နိုင်ဖို့ အတွက် ဒေါက်ကလပ် လူးဝစ် ကို အရင် ရောင်းထုတ် သွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

ချဲလ်ဆီး တိုက်စစ်မှူး ရိုမီရို လူကာကူ ဟာ ပွဲထွက် တိုက်စစ်မှူး နေရာကို ကိုင် ဟာဗက်ဇ် ထံ လွှဲပေးထားရတာကြောင့် မပျော်မရွှင် ဖြစ်နေကာ အီတလီ ကို ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ကူးနေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။